နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့မရဲစခန်းအနီးသို့ အကြမ်းဖက်သူများက ယာဉ်အမှတ် (စိစစ်ဆဲ) Light Truck အဖြူရောင် ယာဉ်ဖြင့် ရောက်ရှိလာကာ သစ္စာလမ်းဘက်မှနေ၍ ၄၀ မမဗုံးပစ် လောင်ချာဖြင့် နှစ်ချက် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် ဗုံးသီးတစ်လုံးမှာ ရဲစခန်းနှင့် ပေ ၄၀ ခန့်အကွာ သစ္စာလမ်း ဘက်ရှိ မိသားစုနေအိမ်လိုင်းခန်းအနီးရှိ ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်
ပေါက်ကွဲမှုကြောင့် အဆိုပါလိုင်းခန်းဘေးဈေးဆိုင်တွင် မုန့်စားနေကြသည့် အပြစ်မဲ့ အသက် (၇) နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် (၂) နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အသက် (၁) နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး၊ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ငါးဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး ပို့ဆောင်စဉ် အသက် (၇) နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်စဉ် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများ ကြောင့် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် Light Truck ယာဉ်၏ ယာဉ်နံပါတ်အား သိရှိရသဖြင့် ယာဉ်နံပါတ် မှန်ကန်မှု ရှိ/မရှိ အတည်ပြု စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ချိန်က အကြမ်းဖက်သမားများမှာ ယာဉ်နံပါတ်အား ပြောင်းလဲတပ်ဆင် အသုံးပြု ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ယဉ်နှင့်အတူ ဖမ်းဆိးရမိ
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်သူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်အား စုံစမ်းခဲ့ရာ အဆိုပါယာဉ်အား ရဲစခန်း ပစ်ခတ် တိုက်ခိုက်သည့်နေ့တွင် မောင်းနှင်အသုံးပြုခဲ့သူများဖြစ်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅) ရပ်ကွက်၊ ကြေးတိုင်လမ်း၊ အမှတ်(၂၈)နေ မျိုးမြင့်မြတ်အောင်(ခ) မျိုးကြီး(၂၁)နှစ်နှင့် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြရပ်ကွက်၊ စံပြ(၁)လမ်း၊ အမှတ်(၃၇၁)နေ ဝေယံထက် (ခ)နိုင်ကြီး (၂၀) နှစ်တို့ နှစ် ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄၅) ရပ်ကွက်၊ မဟာလမ်းပေါ်၌ ဖြစ်စဉ်ပါယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
MK-12 သေနတ် နှစ်လက်ဖမ်းမိ
ဖမ်းဆီးရမိတရားခံ နှစ်ဦး၏ ထွက်ဆိုချက်များအရ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ ကိုယ်တိုင်ပါဝင်ကျူးလွန်ခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ်(၉၉)နေ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave ၏ နေအိမ်၌ တိုက်ခိုက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave သည် ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်း၏မိဘများဖြစ်သည့် သူရ(ခ)ကျော်မင်းမင်းကို (၄၇)နှစ်နှင့် မိုးမိုးခိုင်(ခ)မြဝင်းကြည် (၅၁)နှစ်တို့ ၂ ဦးအား MK-12 သေနတ်နှစ်လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတိုတစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမဗုံးသီးငါးလုံး၊ ကျည်အိမ်မျိုးစုံခြောက်ခု၊ ဒူးကာသုံးစုံ၊ ဖောက်ခွဲရေးတွင် တွဲဖက်အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံး၊ ဓာတ်ခဲမျိုးစုံ ၃၀ လုံး၊ လက်လုပ်ဗုံးဆင်သည့် ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop တစ်လုံး၊ မှန်ပြောင်းတစ်လက်၊ မော်တာတစ်လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာ တစ်ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ မျိုးမြင့်မြတ်အောင်(ခ)မျိုးကြီးနှင့် ဝေယံထက်(ခ)နိုင်ကြီး တို့၏ ထွက်ဆိုချက်အရ ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ်(၄၁)နေ ဆက်စပ်တရားခံ မိုးကျော်သူ(ခ)အာကြီး (ခ) Rock Gyi (၂၆) နှစ်နှင့် အဆိုပါရပ်ကွက်၊ ခရေလမ်း၊ အမှတ်(၁၂၉)နေ ကျော်မိုးလွင်(ခ) ကျော်ကြီး (၂၆)နှစ်တို့နှစ်ဦးအား ပိတောက်လမ်းပေါ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျားငါးဦး၊ မတစ်ဦး၊ ပေါင်းခြောက်ဦးတို့အား MK-12 သေနတ် နှစ်လက်၊ ၎င်းကျည် ၁၁၀ တောင့်၊ SIG SAUER ပစ္စတိုတစ်လက်၊ 9MM LUGER ကျည် ၂၅၅ တောင့်၊ ၄၀ မမ ဗုံးသီးငါးလုံး၊ ကျည်အိမ်မျိုးစုံခြောက်ခု၊ ဒူးကာသုံးစုံ၊ ဖောက်ခွဲရေးတွင် တွဲဖက် အသုံးပြုသည့် Keypad ဖုန်းမျိုးစုံ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆားကစ်(စ်)ပြား ၅၀ ခု၊ 3D GUN Printer တစ်လုံးနှင့် 3D GUN Printer ဆေးကြိုးခွေ ၁၀ ခွေ၊ Laptop ၁ လုံး၊ မှန်ပြောင်း တစ်လက်၊ မော်တာတစ်လုံး၊ ငွေသိန်း ၁၀၀ ကျပ်၊ ဓာတ်ငွေ့ကာတစ်ခု၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ရန်ကုန်မြို့အတွင်း ဆူပူအကြမ်းဖက် ဆန္ဒပြရာတွင် ပါဝင်ခဲ့ကြောင်း၊ ဝေယံထက်(ခ)နိုင်ကြီးအနေဖြင့် ဧပြီလအတွင်း မြဝတီမြို့နယ်၊ လေးကေ့ကော်ကျေးရွာရှိ KNLA တပ်မဟာ(၆)တွင် ဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းအား တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဖမ်းဆီးရမိတရားခံလေးဦး အပါအဝင် အဖွဲ့ဝင် ၁၃ ဦး ဖြင့် D.S.R အကြမ်းဖက်အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့ခေါင်းဆောင်အဖြစ် ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ) မိုးဟိန်း(ခ)Brain Wave မှ ဆောင်ရွက်ပြီး အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံသည့် အဖွဲ့အစည်းများထံမှ အလှူငွေများရယူကာ ဖမ်းဆီးရမိ လက်နက်များနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများအား ဝယ်ယူခဲ့ကြောင်း၊ အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်ရန် Telegram တွင် Group ဖွဲ့၍ အကြမ်းဖက် ဖောက်ခွဲခြင်းနှင့် ပစ်ခတ် တိုက်ခိုက်မှုလုပ်ငန်းများ အား Zoom Meeting ဖြင့် Online မှတစ်ဆင့် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုအနေဖြင့် သုံးကြိမ်၊ တောင်ဥက္ကလာပမြို့မရဲစခန်း မိသားစုနေအိမ်လိုင်းခန်းအား တစ်ကြိမ် ပစ်ခတ်ခဲ့သည့် ပြစ်မှု ကျူးလွန်ခဲ့ပြီး ကျူးလွန်ခဲ့မှုများအနေဖြင့်-
အောက်တိုဘာလ ၁ ရက်တွင် မိုးကျော်သူ(ခ)Rock Gyi၊ မျိုးမြင့်မြတ်အောင်(ခ) မျိုးကြီး၊ ကျော်မိုးလွင်(ခ) ကျော်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ ဆက်မင်းခန့်(ခ) လရောင်တို့ လေးဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ကြိုးတံတားအနီးတွင်လည်းကောင်း။
အောက်တိုဘာလ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃) ရပ်ကွက်၊ သီတဂူ ဘုန်းတော်ကြီးကျောင်းအနီးတွင်လည်းကောင်း။
အောက်တိုဘာလ ၂၈ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံအနီးတွင် လည်းကောင်း လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် ဖောက်ခွဲမှုများ ဆောင်ရွက်နိုင်ရေး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave က လက်လုပ်ဗုံးများအား ကိုယ်တိုင်ပြုလုပ်ကာ အကြမ်းဖက်ဖောက်ခွဲမည့်သူများထံသို့ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၉ ရက် ညနေပိုင်းတွင် တောင်ဥက္ကလာပမြို့မရဲစခန်းအား ချောင်းမြောင်း ပစ်ခတ်ရန်အတွက် ကျော်မိုးလွင်၊ ဖမ်းဆီးရန်ကျန် တရားခံ ရဲမာန်အောင် (ခ)Zulex နှင့် ဆက်မင်းခန့်(ခ) လရောင်တို့က ရဲစခန်းအား အခြေအနေ စောင့်ကြည့်ပေးကာ Light Truck ယာဉ်အား မျိုးမြင့်မြတ်အောင်(ခ) မျိုးကြီးက မောင်းနှင်၍ ဝေယံထက် (ခ)နိုင်ကြီးမှ ကျည်ဖြည့် ပေးသူအဖြစ် ဆောင်ရွက်ပြီး မိုးကျော်သူ(ခ)Rock Gyi က ယာဉ်ပေါ်မှနေ၍ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် နှစ်ချက်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လိုအပ်သည့် ငွေကြေးနှင့် လက်နက်/ခဲယမ်း များအား ဖမ်းဆီးရန်ကျန် တရားခံ အောင်ကြီးမှ ဝင်းဇော်မိုး(ခ) မိုးဟိန်း(ခ)Brain Wave ထံ ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဇော်မိုး(ခ)မိုးဟိန်း(ခ)Brain Wave က ယာဉ်နှင့် လက်နက်/ခဲယမ်းများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်