နေပြည်တော် ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို ကျေးရွာသူ၊ ကျေးရွာသားအချို့က လျှို့ဝှက် သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့စဉ် အကြမ်းဖက်သမား လေးဦးအား အသေဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူများဆုတ်ခွာထွက်ပြေးစဉ် မီးရှို့ဖျက်ဆီးခဲ့သော နေအိမ် ၆ လုံးနှင့် အကြမ်းဖက်သူများက နေအိမ်များကိုအကာကွယ်ပြု၍ ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ငယ်ထိမှန်ခဲ့သော နေအိမ်အချို့အားတွေ့ရှိရပြီး ၎င်းနေအိမ်များအတွင်း၌ သေဆုံးလျက်ရှိသော အကြမ်းဖက်သမား ၂ ဦး၏ အလောင်းအား လက်လုပ်လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းတို့နှင့်အတူ ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သူများမီးရှို့ခဲ့မှုကြောင့် မီးလောင် ကျွမ်းလျက်ရှိသောနေအိမ်များအား မီးငြိမ်းသတ်ခြင်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်