တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်း အနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ရာ မြန်မာ နိုင်ငံသားတို့၏ မျှော်မှန်းသက်တမ်းနိမ့်ကျနေမှု၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု အားနည်းနေမှုတို့နှင့်စပ်လျဉ်း၍ ပြုပြင်ပြောင်းလဲမြှင့်တင်ရေး ဆောင်ရွက်ရန် ထည့်သွင်းပြောကြား ခဲ့သည်။
"မြန်မာနိုင်ငံ၏မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏မျှော်မှန်း သက်တမ်းသည် ကမ္ဘာ့အဆင့်တွင်၁၅၁၊ အိမ်နီးချင်းနိုင်ငံများတွင် အဆင့် ၆၊ အာဆီယံ နိုင်ငံများတွင် အဆင့် ၁၀ ရှိသဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း၊ မျှော်မှန်း သက်တမ်းကို အခြေခံတွက် ချက်ရာတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် ဘဝအခြေအနေများ၊ ပညာသင်ကြား မှုအခြေအနေများ၊ လူမှုစီးပွားဘဝအခြေခံများ၊ လူနေမှုပုံစံများ၊ ကလေးသေဆုံးမှုနှုန်း များအပေါ်တွင် အဓိကထားတွက်ချက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံသားများ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွင်လည်း အားနည်းလျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်း တိုးမြှင့်နိုင်ရန်အတွက် စားသောက်မှု၊ နေထိုင်မှု၊ ပညာတတ်မြောက်မှု၊ စီးပွားရေးမြှင့်တင် နိုင်မှုများ ပြုပြင်ပြောင်းလဲမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ကျေးလက်ဒေသများ၌ လူဦးရေအများစုနေထိုင် ကြခြင်းဖြစ်သည့်အတွက်ကျေးလက်ဒေသနေ မိခင်များနှင့် ကလေး မိဘများအားအာဟာရဖွံ့ဖြိုးရေး အတွက်ပညာ ပေးမှုများကို စဉ်ဆက် မပြက်ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့်ကျေးလက် ဒေသနေ မိသားစုများ၏ စီးပွားရေးနှင့် ဝင်ငွေအဆင့်အတန်း၊ ဒေသအတွင်း အလွယ်တကူ ပေါများစွာ ရရှိနိုင်သည့် ဟင်းသီး ဟင်းရွက်၊ သားငါးနှင့် အစားအစာများ၊ မိရိုးဖလာစားသောက်ပုံ ဓလေ့များနှင့် လိုက်လျောညီထွေရှိနိုင်မည့် အာဟာရပြည့်ဝစွာ စားသောက်နည်းများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပြီး စားသောက်စေမှသာ လက်တွေ့ကျကျ လိုက်ပါဆောင်ရွက်လာကြ မည်ဖြစ်သည်ဟု ယူဆမိသည်။ မြို့ပေါ်နေ ပညာတက်၊ ဝင်ငွေအလယ် အလတ်အဆင့် မိသားစုများတွင် ကလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ မှတ်ဉာဏ်ကောင်းမွန်ရေးအတွက် အစားအသောက် ဆေးဝါးတို့ဖြင့် ဆောင်ရွက်နိုင်သော်လည်း ကျေးလက်ဒေသမှ ဝင်ငွေနည်းသူများအဖို့ အာဟာရဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင်မူ ပညာပေးမှု အပိုင်းကရော၊ လိုက်ပါဆောင်ရွက်သူအပိုင်းကပါ နှစ်ဦးနှစ်ဖက်အားထုတ်ကြိုးပမ်း ကြမှ ကောင်းကျိုးရလဒ် ရရှိကြမည်ဖြစ်သည်။
ကလေးများ အာဟာရပြည့်ဝမှသာ ခန္ဓာကိုယ်ကျန်းမာဖွံ့ဖြိုး ကြီးထွားနိုင်ပြီး ဦးနှောက်နှင့် မှတ်ဉာဏ်လည်း ကောင်းစွာ ဖွံ့ဖြိုးနိုင် မည်ဖြစ်ရာ ကလေးဘဝကတည်းက အာဟာရပြည့် ဝအောင်ကျွေးမွေး ကက်ကြဖို့လိုသည်။ ဝင်ငွေနည်းပါး၍ဖြစ်စေ၊ ဓလေ့ထုံးစံအရဖြစ်စေ အသားစားနည်းခြင်းကြောင့် ပရိုတင်း ခေါ် အသားဓာတ်ချို့ တဲ့ခြင်းက ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေသည်။ ငါးအသေးအဖွဲများ၊ ဥနှင့် ပဲအမျိုးမျိုးတို့သည်လည်း ဝင်ငွေနည်း ဆင်းရဲသားများအတွက် အသားဓာတ်ရနိုင်သော အာဟာရ ရင်းမြစ်များပင်ဖြစ်သည်။
နောက်တစ်မျိုးမှာ သံဓာတ်ချို့တဲ့မှုဖြစ်ပြီး မြန်မာနိုင်ငံမှ ကလေး အတော်များများတွင် တွေ့ရှိရသည်ဟု ကျန်းမာရေးပညာရှင်များက ပြောကြားကြပြီး သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအား နည်းကာ လူကောင်သေးနေကြ ကြောင်း၊ သွေးအားနည်းခြင်းက ဦးနှောက်ကို သွေးထောက်ပံ့မှုနည်းပြီး ဦးနှောက်ဖွံ့ဖြိုးမှု ကိုလည်း ထိခိုက်စေ ကြောင်းဖြင့်လည်း အသိပေးထားသည်။ သံဓာတ်သည် ကြက်၊ ဝက်၊ အမ်တို့၏ အသည်းများ၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ပဲအမျိုးမျိုး တို့တွင် ပါဝင်ရာ မိမိတို့တတ်နိုင်သည့် အစားအစာကို ပြည့်ပြည့်၀၀ စားကြရန်လိုသည်။
အဓိကအားဖြင့် မိမိတို့ နေ့စဉ်စားသောက်မှုသည် ဝမ်းဝရုံ သက်သက်မျှမဟုတ်ဘဲမိမိတို့၏ဝင်ငွေအဆင့်အတန်းနှင့် ကိုက်ညီစွာ အာဟာရပြည့်ဝအောင် ချက်ပြုတ်စားသောက် ကျွေးမွေးတတ် ကြ ရန်ပင်ဖြစ်သည်။ ဆေးလိပ်၊ ကွမ်းယာ စသည့် ကျန်းမာရေးကို ထိခိုက် စေသကဲ့သို့ ဝင်ငွေကိုပါ အလဟဿဖြစ်စေသည့် သုံးစွဲမှုများကို ဆင်ခြင် လိုက်ခြင်းအား ဖြင့်လည်း မိသားစု ထမင်းဝိုင်းကို ပိုမိုပြည့်စုံ လာစေနိုင်မည်ဖြစ်သည်။ အာဟာရပြည့်ဝရေး သည် ငွေကုန်ကြေးကျ များသည့် စားသောက်မှုပုံစံကို ဆိုလိုသည်မဟုတ်ဘဲ မိသားစုအခြေ အနေနှင့် လိုက်လျော ညီထွေ ရွေးချယ်စားသောက်နိုင်ရေးသာ ဖြစ်ပါကြောင်း။ ။
(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)