နေပြည်တော်၊ ဒီဇင်ဘာ ၂၀
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ ဒီဇင်ဘာ (၁၇)ရက် ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူ စက်ရုံ(သာပေါင်း)သို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များအား စက်ရုံခွဲများ အလိုက် အဆင့်အလိုက် တိုးမြှင့်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဒီဇင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက္ကူ ထုတ်လုပ် မှုနည်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး စက်ရုံရှိ စက်ပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနသို့ရောက်ရှိရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းများ ထိရောက်သော ကူညီမှုများကို ပေးအပ်နိုင်ရေး အတွက် ၎င်းတို့၏ ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို သိရှိအောင်ဆောင်ရွက်ရန် မှာကြားသည်။ ထို့နောက် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ပြုစုထားရှိသည့် စာတမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃၂) အကြီးစားစက်ရုံ (ကြံခင်း)သို့ ရောက်ရှိပြီး ဝန်ထမ်းများအား အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နည်းပညာလွှဲပြောင်း ရရှိရေးတို့အတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကုန်ကြမ်းများ သယ်ယူရာ တွင် အသုံးပြုသည့် လျှပ်စစ်ရထားတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဒီဇင်ဘာ(၁၉)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁)စက်မှု သင်တန်းကျောင်း (ဆင်တဲ)နှင့် မွန်းလွဲ ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အမှတ်(၅)စက်မှုသင်တန်း ကျောင်း (မကွေး) တို့သို့ ရောက်ရှိပြီး နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူ များနှင့်တွေ့ဆုံ၍ နိုင်ငံနှင့် လူမျိုးအတွက် ကျရာအခန်းကဏ္ဍမှ စက်မှုနှင့်ပတ်သက် သည့် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စက်မှုအခြေခံ ကောင်းများမှ တီထွင်သုတေသနပြုမှု၊ ဒီဇိုင်းဆန်းသစ်မှု၊ ခေတ်နှင့်ရင်ဘောင်တန်း နိုင်မှု၊ စီးပွားရေးတွက်ခြေ ကိုက်မှုများနှင့် စက်မှုကုန်ထုတ် လုပ်ငန်းများ အဆင့်မြှင့် ဆောင်ရွက်နိုင်သည်အထိ ကြိုးစားသွားကြရန်၊ နည်းပြများအနေဖြင့် နှလုံးသားလှ သည့် ဆရာ/ဆရာမများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)