Skip to main content

စွယ်စုံရအနုပညာရှင် ပြည်သူချစ် စည်သူဒေါက်တာဗိုလ်ကလေးတင့်အောင် ကွယ်လွန်

နေပြည်တော် ဒီဇင်ဘာ ၁၇

သဘင်၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်ဒါရိုက်တာနှင့် စာပေနယ်ပယ်ကဏ္ဍအသီးသီးတွင် လူသိများ ထင်ရှားအောင်မြင်ခဲ့သော ပြည်သူချစ်အနုပညာရှင်ကြီး စည်သူဒေါက်တာ ဗိုလ်ကလေးတင့်အောင်သည် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီဖြစ်သည်။ ဆရာကြီး ဗိုလ်ကလေးတင့်အောင်၏ ဘဝတစေ့တစောင်း ပြန်ပြောင်ဆောင်ပြရလျှင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှစတင်ရမည်ဖြစ်ပါသည်။

 လွတ်လပ်ရေးကြိုးပမ်းမှု

ဆရာကြီးဗိုလ်ကလေးတင့်အောင်သည် ၁၉၃၈ ခုနှစ် (၁၃၀၀ ပြည့် အရေးတော်ပုံ) ကျောင်းသား သပိတ်မှောက်ရာမှ ကျောင်းပြန်မတက်တော့ဘဲ တစ်ခါတည်းကျောင်းထွက်၍ အင်္ဂလိပ်-မြန်မာ အဋ္ဌမတန်းအထိသာ ပညာသင်ကြားခဲ့သည်။ ထိုမှတဖန် ရဲတပ်၊ ဗမာ့လက်ရုံးတပ်၊ သံမဏိ တပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကာ ၁၉၄ဝ-၁၉၄၁ ခုနှစ်တွင် နယ်ချဲ့အားတော်လှန်ရန် ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။ ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေတပ်) ဖွဲ့စည်းရာတွင် ဗိုလ်အောင်မြတ်၊ ဗိုလ်စံရှား၊ ဗိုလ်သန်းတို့နှင့်အတူ ပါဝင်ထမ်းရွက်ခဲ့ပြီး ဘီအိုင်အေတပ် ဖျက်သိမ်းပြီးသည့်နောက် နိုင်ငံရေး လုံးဝမလုပ်ဘဲ အနုပညာနယ်အတွင်းသို့ ဝင်ခဲ့လေသည်။ အသင်းအဖွဲ့ဟူ၍ တို့ဗမာအစည်းအရုံးတွင်သာ ပါဝင်ခဲ့ဖူးသည်။

အနုပညာရှင်ဘ၀နှင့် အတွေ့အကြုံ

ဆရာကြီးဗိုလ်ကလေးတင့်အောင်၏ အနုပညာဘဝသည် ဂီတဖြင့် စတင်ခဲ့သည်ဟု ဆိုရပါမည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၃၉ ခုနှစ်တွင် သီချင်းစတင်ရေးသားပြီး ၎င်းသီချင်းများကို ၁၉၇ ခုနှစ်တွင် စတင်၍သံလွှင့်ခဲ့၏။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့လာပြီး ညီဖြစ်သူ မောင်ကိုကို တူရိယာအဖွဲ့တွင် ဂီတာတီးသူအဖြစ် ပါဝင်ခဲ့သည်။ ထို့ကြောင့်လည်း ဆရာကြီး သည် ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်အဖြစ် ကာဌေးရုံ၊ ဝင်းဝင်ရုံတို့တွင် သီချင်းရေး ဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ တွဲဖက်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ရာမှ တစ်ဆင့်ပြီး တစ်ဆင့်တက်၍ ၁၉၅၀ ပြည့်နှစ်တွင် “အပြုံးလက်ဆောင်" ပြဇာတ်ဖြင့် ဒါရိုက်တာ ဖြစ်လာ ခဲ့ပါသည်။ ထိုမှတစ်ဆင့် ပြဇာတ်တို၊ ပြဇာတ်အရှည် အများအပြား တင်ဆက်ကပြခဲ့ပါသည်။ သုံးနရီခန့် ပြသသည့်ပြဇာတ်ကြီး (၄၀) ကျော်၊ ပြဇာတ်တို၊ တစ်ခန်းရပ်ပြဇာတ်၊ တေးသရုပ် ဖော် ဇာတ်ပေါင်း (၁၀၀) ခန့် စီစဉ်ညွှန်ကြား ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပထမဦးဆုံး ရုပ်ရှင်ဒါရိုက်တာအဖြစ် “နှောင်ကြိုးကိုင်ပါမယ်လေ" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ခဲ့သည်။ ၁၉၅၈ခုနှစ်တွင် မြတ်မွန်ရတနာ ပြဇာတ်ကို စီစဉ်တင်ဆက်ခဲ့၍ မြတ်မွန်ရတနာ ပြဇာတ်စာအုပ်ကို စာပေဗိမာန်မှ ဖြန့်ချိထုတ်ဝေခဲ့သည်။ ဤကား ဆရာကြီး၏ စာပေသမား၊ စာရေး ဆရာဘာဟုဆိုရာတွင်လည်း မမှားပေ။

၁၉၆ဝ ဝန်းကျင်ကာလတွင် “ဆောင်းတစ်ညဝယ်” “မိုးတစ်ပေါက်" “မေတ္တာဟူသည်” စသော ရုပ်ရှင်ဇာတ်ကားများကိုလည်း ရိုက်ကူးတင်ဆက်ခဲ့ပြီး ဓာတ်ပြားသီချင်း၊ ရေဒီယိုသီချင်း၊ ရုပ်ရှင် သီချင်းများစွာကိုလည်း ရေးသားခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ညွှန်းအဖြစ် ရေးထားသည်ကို ဝတ္ထုအသွင် ပြန်လည်ရေးသားထုတ်ဝေသော မမမိုး စာအုပ်ထွက်ရှိခဲ့သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် စာပေဝါသနာအလျောက် ဆောင်းပါးများရေးခဲ့ပြီး ပန်းဝင်္ကပါ ခေါင်းစဉ်ဖြင့် ဆောင်းပါးရှည်ကို ၁၉၈၀ မှ ၁၉၈၂ ခုနှစ်အထိ ဂီတပဒေသာဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

ဗိုလ်ကလေးတင့်အောင်၏ ကျော်ကြားခဲ့သော တေးသီချင်းအချို့ကို ယနေ့တိုင် အဆိုရှင် အမျိုးမျိုးတို့က သီဆိုနေကြဆဲဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို၍ ဓာတ်ပြား ရခဲ့သော “သက်ဆိုင်သူသို့" သီချင်းကို “တိမ်ဦးလေပြေမောင့်ကိုစေ" ရုပ်ရှင်ဇာတ်ကားတွင် ခင်ယုမေက ပြန်လည်သီဆိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြဇာတ် သီချင်းဖြစ်သော “နှစ်သစ်ချစ်ဦး” ၁၉၅၈ ခုနှစ်တွင် ထား သီဆိုခဲ့သော “သံယောဇဉ်”၊ “မွန်တို့ဌာနေ၊ “မှုန်ရွှေရည်” ဇာတ်ကားမှ ဝင်းဦးသီဆိုခဲ့သော မျက်ဝန်းလဲ့ပြာပြာ၊ ၁၉၆၈ ခုနှစ်တွင် မင်းနောင်သီဆိုသည့် ဇရာ၊ ဂျင်မလေးဂျမ်း၊ ၁၉၀၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေသီဆိုခဲ့သည့် မွှေးလွန်းသည့်ပန်း စသည့် သီချင်းများမှာ ယနေ့တိုင် ခေတ်စားဆဲ ဖြစ်သည်။ ဆရာကြီး၏ သီချင်းစာသားများသည် သဘာဝကျကျ ရေးသားထားခြင်းကြောင့် စွဲမြဲထိရှလွန်းလှသည်။ ဗိုလ်ကလေးတင့်အောင်သည် သီချင်းများ ရေးသားခဲ့ရုံမက ရုပ်ရှင်ဘက်တွင်လည်း ၁၉၆၂ ခုနှစ်က “ဆောင်းတစ်ညဝယ်” ဇာတ်ကားကိုလည်းကောင်း ငယ်ကျွမ်းဆွေပြဇာတ်ကို ၁၉၇၅ ခုနှစ်တွင်လည်းကောင်း ရုပ်ရှင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး စုစုပေါင်းရုပ်ရှင်ဇာတ်ကား (၁၂) ကားကို ရိုက်ကူး ခဲ့ပါသည်။

ဆုရရှိမှုများ

ထို့ပြင် ဆရာကြီးဗိုလ်ကလေးတင့်အောင်သည် ဂီတနှင့် ရုပ်ရှင်ဘက်တွင်သာမက စာပေ၊ လူမှု နှင့် ရုပ်ရှင်နယ်ပယ်အသီးသီးတို့တွင် ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းတို့မှာ ပန်းဝင်္ကပါစအုပ်ဖြင့် ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆု၊ နိုင်ငံတော်မှ ချီးမြှင့်သော လူမှုထူးချွန် (ပထမအဆင့်) နှင့် ဝိဇ္ဇာထူးချွန် (ပထမအဆင့်)၊ ၂၀၁၂ ခုနှစ်တွင် စည်သူဘွဲ့နှင့် ဒေါက်တာဘွဲ့၊ ၂၀၁၇ ခုနှစ် အကယ်ဒမီထူးချွန် ဆုပေးပွဲတွင် ရုပ်ရှင်တစ်သက်တာဆုများကို ရရှိခဲ့ကြောင်း သိရသည်။

ထိုဆုပေးပွဲတွင် အသက် (၁၀၀) အထိ နေထိုင်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို အမှတ်ရမိပါသေးသည်။

အသင်းအဖွဲ့များတွင် ဆောင်ရွက်ခဲ့မှုများ

ဆရာကြီးသည် ဂီတ၊ ရုပ်ရှင်နယ်ပယ် အသင်းအဖွဲ့များတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့လေသည်။ ဆရာကြီးသည် ၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဂီတကောင်စီစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ၊ ၁၉၉၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများ တွင် အရေးအကဲဖြတ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရုပ်ရှင်အစည်းအရုံး၏ နာယက၊ ဂီတအစည်းအရုံး၏ နာယက၊ ဘိုကလေးမြို့နယ်အသင်း၊ ကျိုက်လတ်မြို့နယ်အသင်း ကျုံမငေး မြို့နယ်နှင့် စိတ်ပညာအသင်းတို့တွင်လည်း နယကအဖြစ် လူမှုရေးကိစ္စများကို ဆောင်ရွက်ခဲ့ပါ သည်။

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြုသီချင်းကို ရေးစပ်သီကုံးခဲ့ကြောင်း၊ မကွယ်လွန်မီအချိန်အထိ  ဝါသနာပါသော တတ်ကျွမ်းသော ဂီတ၊ ရုပ်ရှင် အနုပညာလုပ်ငန်းများကို အကြံပြုပံ့ပိုးပေးခဲ့ကြောင်း သိရပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်ည ၁၁ နာရီမှာတော့ ဆရာကြီးသည် (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန် ခဲ့ပြီဖြစ်သည်။ ကွယ်လွန်ချိန်တွင်အသက် နှစ်(၁၀၀)ပြည့်ရန် လပိုင်းအနည်းငယ်သာလိုချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဆရာကြီး၏အမည်အရင်းမှာ ဦးတင့်အောင် ဖြစ်သည်။ အနုပညာအမည်မှာ ဗိုလ်ကလေး တင့်အောင် ဖြစ်ပါသည်။ ဆရာကြီးကို အဘ ဦးဘသင်၊ အမိဒေါ်ဖွားသိန်းတို့မှ ဇွန်လ ၃ ရက် ၁၉၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်း ခြောက်ယောက်တွင် ဒုတိယသားဖြစ်ပြီး ဂီတလုလင် ဦးကိုကို၏ အစ်ကိုကြီးလည်း ဖြစ်ပါသည်။ ဘိုကလေးမြို့၊ ကျုံမငေးမြို့နှင့် ကျိုက်လတ်မြို့ အမျိုးသားအထက်တန်း ကျောင်တို့တွင် ပညာသင်ကြားခဲ့သည်။ ဇနီး ဒေါ်ခင်ရီနှင့် ၁၉၄၅ ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး သားသမီး (၄) ဦးထွန်းကားခဲ့ပါသည်။ အသက်ငါးနှစ်၊ ခြောက်နှစ် အရွယ်မှစတင်၍ အိုးစည်ယိမ်းတွင်ပါဝင်ခဲ့ပြီး အနုပညာ အလုပ်ကို စတင်လုပ်ဆောင်ခဲ့သည်။ ဆရာကြီးဘဝ ဖြတ်သန်ရာတစ်လျှောက် စာရေးဆရာ၊ ပြဇာတ်ဆရာ၊ သီချင်းရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ စသည့် အနုပညာလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။ သို့သော် အနိစ္စသဘောကို မလွန်ဆန်နိုင်သည့်အဆုံး ဘဝတစ်ခုနိဂုံးအဆုံးသတ်ခဲ့ရလေပြီ။ ဆရာကြီး ဗိုလ်ကလေးတင့်အောင်၏ ဂီတအနုပညာ ဖန်တီးမှုများသည်ကား ဆက်လက်မွှေးထုံသင်းပျံ့ နေဦးမည်သာ ဖြစ်ပါသည်။

FDC