နေပြည်တော် ဒီဇင်ဘာ ၁၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ် ကော့ထော်ကျေးရွာရှိ ရော်ဘာခြံအနီးတွင် စောစိန်မြသိန်း(ခ)အမုန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀ ကို လည်းကောင်း၊ ကွင်းဆက်အရညပိုင်းတွင် ကော့ထော်ကျေးရွာနေ ညွန့်သန်း၏နေအိမ်သို့ ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကို လည်းကောင်း၊ ထို့အတူ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄နာရီတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာ အနီးရှိဓနိတောတွင်ဆာလာအိတ် တစ်လုံးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီခွဲတွင် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု ဝမ်ကျောက်လုံကျေးရွာ အနီးတွင် အားဖီး မောင်းနှင်ပြီး အားဆော် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ကန်ကြီးကျေးရွာအနီး ရပ်စောက်-နောင်ချို သွားကားလမ်းတွင် ရွှင်လန်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား