Skip to main content

ပုသိမ်ကြီးမြို့နယ် ကျောက်ကြမ်းတောင်အမှိုက်ကျင်းရှိ စွန့်ပစ်အမှိုက်များမှ သဘာဝမြေဆွေး ထုတ်လုပ်နိုင်ရေးနှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်ရေး ကြည့်ရှုစစ်ဆေး

မန္တလေး    ဒီဇင်ဘာ   ၁၄

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက စွန့်ပစ်အမှိုက်များမှ မြေဆွေးထုတ်လုပ်နိုင်ရန် ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်ကြမ်းတောင် အမှိုက်ကျင်းနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့၏ စွန့်ပစ်အမှိုက်များအား အေးရိပ်ငြိမ်နှင့် တောင်အင်း၊ မြောက်အင်း အမှိုက်ကျင်းတို့တွင် စုပုံစွန့်ပစ်ထားရှိမှု၊ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန်ပမာဏ၊ စွန့်ပစ်အမှိုက်များကို မြေဆွေးအဖြစ် ပြောင်းလဲထုတ်ယူနိုင် ရန်ဆောင်ရွက်သွားမည့်အစီအမံများ၊ ကိုရီးယားနိုင်ငံ (Korea Environment Industry Technology Institute)နှင့် HANATECH Co.,Ltd တို့မှ စွန့်ပစ် အမှိုက်ကျင်းနှစ်ခုကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး အမှိုက်ကျင်းများမှ (Landfill Gas)ဓာတ်ငွေ့များကို စုဆောင်းမီးရှို့ခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်ယူ ခြင်းစီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး ဦးတိုးမင်းနှင့် ရတနာပုံတက္ကသိုလ်ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဝင်းနိုင်တို့က စိုက်ပျိုးမြေများတွင် မြေဩဇာအဖြစ် အသုံးပြုနိုင်မည့် မြေဆွေးပြောင်းလဲထုတ်လုပ်နိုင်မှု အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စွန့်ပစ်အမှိုက်များကို မြေဆွေးများ ထုတ်လုပ်၍ စိုက်ပျိုးမြေများတွင် မြေဩဇာအဖြစ် ပြန်လည် အသုံးပြုနိုင်ခြင်းဖြင့် ဓာတုမြေဩဇာ အသုံးပြုမှုလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စွန့်ပစ်အမှိုက်များမှ ထွက်ရှိသည့် အနံ့ဆိုးများ၊ ရေဆိုးများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပုသိမ်ကြီးမြို့နယ် ဘုတ်ကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်းလျာထားနေရာသို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်းကရရှိနိုင်သော မြေလွတ်မြေရိုင်း အကျယ်အဝန်း၊ မြေရိယာ၊ မြေဆီလွှာအခြေအနေနှင့် ရေရရှိနိုင်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိနိုင်မှု အခြေအနေများကို မြေပုံကားချပ်နှင့်တကွ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးများက မြေလွတ်မြေရိုင်း လျာထားမြေနေရာများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖောင်တော်ဦး တက္ကသီလာကျောင်းတိုက်သို့ သွားရောက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မန္တလေးတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွင်းရေးမှူး၊ ဖောင်တော်ဦးတက္ကသီလာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနာယကအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

သတင်းစဉ်