နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁) အစည်းအဝေးတွင် ဆေးပညာဖြင့် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးနှင့် ပတ်သက်၍ အသိပေး ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာသင်ကြားရာ၌ ရှေးကာလစနစ်ဟောင်းတွင် သိပ္ပံ/ဝိဇ္ဇာဆိုင်ရာ ဝါသနာပါရာပညာရပ်များကို ဆည်းပူးခွင့်ရှိသည်။ စနစ်သစ်ပညာရေးတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပညာအရည်အချင်း အမှတ်အနည်း။ အများပေါ်မူတည်၍ ပညာဆည်းပူး ခွင့်ရကြသည်။ စနစ်ဟောင်းတွင် ဝါသနာ၊ ဆန္ဒပြင်းပြမှု၊ ခံယူချက်တို့အပေါ် အဓိကထားသဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ရည်မှန်းချက်အတိုင်း ခရီးရောက်သည်ကိုတွေ့ရသည်။ စနစ်သစ်ပညာရေးတွင် အမှတ်အနည်းအများပေါ်မူတည်၍ အသက်မွေးဝမ်းကျောင်း ဆိုင်ရာပညာရပ် များရွေးချယ်ကြရာ ဝါသနာပါရာ ရည်မှန်းထားရာတို့နှင့် အံမကိုက်သည်ကို တွေ့ရ သည်။
အမှတ်အနည်း၊ အများအလိုက် အသက်မွေးဝမ်းကျောင်းပညာများ ရွေးချယ်သင်ကြားကြရာတွင် အမှတ်အမြင့်ဆုံးဖြစ်သည့် ဆေးပညာသင် ကြားရေးသည် မိဘအုပ်ထိန်းသူများသာမက နိုင်ငံတော်ကပါရင်းနှီးထောက်ပံ့မှုအများဆုံးပညာရပ် ဖြစ်သည်။ ဆေးပညာသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသောပညာရပ်ဖြစ်သော်လည်း တိုင်းပြည်နှင့်လူမျိုးအပေါ် ပြန်လည် အကျိုးပြုမှု နည်းပါးနေသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိနိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ် အသီးသီးမှ မွေးထုတ်ပေးခဲ့သည့် ဆရာဝန်ဦးရေ သုံးသောင်းကျော်ရှိသော်လည်း နိုင်ငံတော်နှင့်ပြည်သူတို့ကို အလုပ်အကျွေးပြုသည့် နိုင်ငံ့ဝန်ထမ်းဆရာဝန် တစ်သောင်းခန့်သာရှိသည့်အတွက် ဆေးပညာကဏ္ဍတွင် နိုင်ငံအတွက် လိုအပ်ချက်များရှိနေသည်ကို တွေ့ရသည်။
နိုင်ငံတော်က ဆေးပညာရှင်တစ်ယောက် ဖြစ်ထွန်းစေရန်အတွက် ရင်းနှီးစိုက်ထုတ်ပေးရသည့် ငွေကြေးပမာဏမှာများပြားပြီးဖြစ်ထွန်းလာသော ဆေးပညာရှင်များက နိုင်ငံတော်အပေါ် ပြန်လည်အကျိုးပြုမှုမှာ နည်းပါးနေသဖြင့် တိုင်းပြည်အတွက် များစွာနစ်နာလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံအကျိုးပြု ဆရာဝန်ဦးရေ နည်းပါးသည့်ကြားတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲတွင် ပါဝင်ပတ်သက်ပြီး နိုင်ငံတော်အကျိုးပြု၊ ပြည်သူ့အကျိုးပြုတာဝန်များကို ပစ်ပယ်သွားကြသည်မှာ စိတ်မကောင်းစရာဖြစ်သည်။
ထို့ကြောင့် လာမည့်တက္ကသိုလ်ဝင်တန်း စာမေးပွဲခေါ်ဆိုရာတွင် အင်္ဂလိပ်စာ၊ ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းသူ များကိုဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ပေးသွားမည်ဟုသိရသည်။ ဆေးတက္ကသိုလ်အသီးသီး တက်ရောက်ပညာသင်ကြား ကြရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးများပေး၍ တက်ရောက်ပညာသင်ကြားခွင့်ပြုမည် ဖြစ်ပြီး ဆေးပညာသင်ယူပြီးသောအခါ နိုင်ငံ့ဝန်ထမ်းအဖြစ် ၁၀ နှစ် အမှုထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ်ထိုးရ မည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်လို သူများအနေဖြင့် အကုန်အကျခံသင်ကြားပေးခဲ့သော ပညာသင်ကြားရေးစရိတ်များကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဆေးပညာဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို စေတနာ၊ ဝါသနာဖြင့် အလုပ်အကျွေးပြုရသည့်ပညာဖြစ်၍ အလွန်မွန်မြတ်သော အဆင့်မြင့်အသက်မွေးဝမ်းကျောင်း ပညာဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် ကြသောပြည်သူများမှာ တစ်နေ့တခြား တိုးပွားနေသဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးသည့် ဆရာဝန်သူနာပြုများ နှစ်စဉ်တိုးတက်လိုအပ် လျက်ရှိသည်။ အဆိုပါလိုအပ်ချက်ကို နိုင်ငံတော်က နှစ်စဉ်တိုးမြှင့် ဖြည့်ဆည်းပေး လျက်ရှိသော်လည်း သမားတော်တို့၏ကျင့်ဝတ်များ၊ ခံယူချက်များ ထားရှိ သူဦးရေ နည်းပါးလာသည်ဖြစ်၍ ဝိုင်းဝန်းကုစားကြရမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပထမလှိုင်း၊ ဒုတိယလှိုင်း ဖြစ်ပွားစဉ်အချိန်အခါက ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု နိုင်ငံ့ဝန်ထမ်းဆရာဝန်များက အစွမ်းကုန် ကုသစောင့်ရှောက်မှုပေးခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဆေးပညာနှင့်မအပ်စပ်သည့် နိုင်ငံရေးလှုပ်ရှားမှု တွင်ပါဝင်ပြီး ပြည်သူများအား မျက်ကွယ်ပြုခဲ့သည်မှာ ဆရာဝန်၊ သမားတော် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ ပြည်သူများ ကျန်းမာရေး၊ အသက်ခန္ဓာမဆုံးရှုံးသင့်ဘဲ မဆုံးရှုံးစေရေးအတွက် ဆရာဝန်ကျင့်ဝတ်များ၊ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာသော ပြည်သူ့အကျိုးပြု။ နိုင်ငံအကျိုးပြုဆေးပညာရှင်များ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်