Skip to main content

မိုးကုတ်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော PDF အကြမ်းဖက်အဖွဲ့များအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ နိုဝင်ဘာလ ၁၅ ရက်တွင် မိုးကုတ်မြို့၊ လယ်ဦးရပ်ရှိ မိညောင်(ခ)ညီညီအောင်၏ နေအိမ်တွင်မိုးကုတ် PDF အကြမ်းဖက် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ အောင်ကိုဝင်း (၂၀)နှစ်အား KA-25 သေနတ် ခြောက်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည် ၂၅၀ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး နှစ်လုံး၊ အီကွေ့မန့် ခြောက်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ အောင်ကိုဝင်း၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့၊ လယ်ဦးကျေးရွာ၊ သံလွင်တောင်ရပ်ရှိ တောင်ယာတဲ၌ KA-25 သေနတ် နှစ်လက်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

တရားခံအောင်ကိုဝင်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂၁ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့ သည် မိုးကုတ်မြို့၊ အောင်မြေသုခရပ်၌ ဘိုဘိုအောင်(ခ)ဘိုတေ (၃၇)နှစ်အား KA-25 သေနတ် သုံးလက်၊ ပလပ်စတစ်မိုင်းလေးလုံး၊ လက်လုပ်မိုင်းတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ ဘိုဘိုအောင်(ခ)ဘိုတေ၏ ထွက်ဆိုချက်အရ မိုးကုတ်မြို့၊ ရှောလီဝိုင်း ရပ်ကွက်၊ ပိတ်ဆွယ်နယ်မြေ(၃) အရှေ့ဘက်ရှိ တောင်ယာတဲမှ KA-25 သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည်ငါးတောင့်၊ M-79 ဗုံးပစ်လောင်ချာနှစ်လက်၊ ၄၀ မမ ဗုံးသီးသုံးလုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

တရားခံများ၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၃ ရက်တွင် မိုးကုတ်မြို့၊ ပြောင်းပြင် ကျေးရွာ၊ ရတနာရှင်ကုမ္ပဏီအနီး၌ သန့်ဇော်(ခ) ပေါက်စ(၂၆)နှစ်၊ အောင်မြတ်သူ(ခ)မှဲ့ကြီး (၂၀)နှစ်တို့ နှစ် ဦးအား KA-25 သေနတ်နှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၆၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ သန့်ဇော်(ခ)ပေါက်စ၏ ထွက်ဆိုချက်အရ ရေပူအုပ်စု၊ ကျောက်လုပ်ကွက်ဟောင်း နေရာအား သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမားများမှ စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဇော်မျိုးထွန်း (ခ)အုပ်ကြီး(၄၀)နှစ်၊ ပေါလု(ခ) မုဆိုး(၂၉)နှစ်၊ ခွန်ထွန်း(၆၆)နှစ်တို့သုံးဦးအား KA-25 သေနတ်သုံးလက်၊ ကျည်အိမ်သုံးခု၊ ကျည် ၁၀၀ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဘိုစည်(၂၅)နှစ်နှင့် ချမ်းမြေ့ထွန်း(၃၅)နှစ်တို့ နှစ်ဦးအား အသေဖမ်းဆီးရမိခဲ့သည်။

တရားခံ ဇော်မျိုးထွန်း(ခ)အုပ်ကြီး ၏ ထွက်ဆိုချက်အရ ကျောက်လုပ်ကွက်ဟောင်းအနီး တောင်ယာတဲ၌ KA-25 သေနတ်သုံးလက်၊ ကျည်အိမ်သုံးခု၊ ကျည် ၁၄၀ တောင့်၊ M-79 ဗုံးပစ်လောင်ချာတစ်လက်၊ ၄၀ မမဗုံးသီးရှစ်လုံးနှင့် လက်ပစ်ဗုံးနှစ်လုံးတို့အား သိမ်းဆည်းရမိ ခဲ့ပြီး တရားခံ ဇော်မျိုးထွန်း(ခ)အုပ်ကြီး၏ ထွက်ဆိုချက်အရမိုးကုတ်မြို့၊ မင်းတံတားရပ်၊ ဘော်မား-ကျောက်ဆင်သွားလမ်းဘေးရှိတောင်ယာတဲ၌ ထင်ကျော်(၄၆) နှစ်အား KA-25 သေနတ်တစ်လက်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မင်းတံတားရပ်ကွက်၊ လွယ်ဆစ်တောင် ကုန်းအနီး၌ KA-25 သေနတ် ၂၀ လက်၊ ကျည်အိမ် ၈ ခု၊ ကျည် ၇၃၅ တောင့်၊ အီကွေ့မန့်သုံးခုတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံကျား ၈ ဦးအားလက်နက်ငယ်မျိုးစုံ ၄၂ လက်၊ ဗုံးသီးနှင့် မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်မျိုးစုံ ၁၂၉၀ တောင့်၊ ကျည်အိမ် ၂၄ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ ဘိုဘိုအောင်(ခ)ဘိုတေသည် ဧပြီလကုန်မှ ဇွန်လပထမပတ်ထိ NLD လူငယ်အဖွဲ့ဝင်ဖြစ်သူဖမ်းဆီးရန်ကျန် ထက်ဇော်နှင့် ငြိမ်းချမ်းတို့၏ ချိတ်ဆက်မှုဖြင့် မိုးမိတ် မြို့၊ ရွှေညောင်ကျေးရွာအနီး TNLA သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်း အမှတ်စဉ်(၁/ခ)အား ဖမ်းဆီးရန်ကျန် စောဌေး၊ ဗလကြီး(ခ)စိုင်းစံ၊ စိုင်းစိုင်း တို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ တရားခံ ဇော်မျိုးထွန်း(ခ) အုပ်ကြီးသည် ဧပြီလဒုတိယပတ်တွင် ဖမ်းဆီးရန်ကျန် ရှောလီဝိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း စိုးမြင့်၏ ချိတ်ဆက်မှုဖြင့် KIA သောင်းကျန်းသူရင်း(၃၆)နယ်မြေတွင် အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရပတ္တမြားမြေ PDF အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် နိုင်ငံကျော် (ခ) အောင်နိုင် (NLD ပါတီ မိုးကုတ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း) ၏ ထောက်ပံ့ပေးမှုဖြင့် ဖမ်းဆီးရန်ကျန် စိုးမြင့်ဦးဆောင်၍ ဘိုဘိုအောင်(ခ) ဘိုတေ၊ ဇော်မျိုးထွန်း(ခ)အုပ်ကြီးနှင့် ဖမ်းဆီးရန်ကျန် စောဌေး၊ ငြိမ်းချမ်း(ခ) ဘဂျမ်း၊ ထက်ရှိုင်း၊ မောင်ရှိုင်း၊ ဗလကြီး၊ မျောက်ညို၊ ကျွဲကြီးတို့ဖြင့်လည်းကောင်း၊ မိုးကုတ် (အနောက်ပိုင်း) PDF အကြမ်းဖက်အဖွဲ့အားဖမ်းဆီးရန်ကျန် စိန်ထွန်းလင်း (NLD ပါတီ မိုးကုတ်မြို့နယ်၊ တိုင်း-၂ လွှတ်တော်ကိုယ်စားလှယ်ဟောင်း) ၏ ထောက်ပံ့ပေးမှုဖြင့် ဖမ်းဆီး ရန်ကျန် ဖိုးနီ ဦးဆောင်၍ ပုချို၊ အေးမင်း၊ အယ်လ်ဖြူတို့ဖြင့် လည်းကောင်း၊ မုန်တိုင်းPDF အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် မုန်တိုင်း(ခ)သန်းမြတ်စိုး ဦးဆောင်၍ လည်းကောင်း အသီးသီးဖွဲ့စည်း ခဲ့ကြောင်းဖော်ထုတ်သိရှိရသည်။

တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိ လက်နက်/ခဲယမ်းများအား အောက်တိုဘာလ ဒုတိယပတ်တွင် ဖမ်းဆီးရန်ကျန် စိုးမြင့်၏ ချိတ်ဆက်မှုဖြင့် ပတ္တမြားမြေ PDF အကြမ်းဖက် အဖွဲ့မှ တရားခံ ဇော်မျိုးထွန်း(ခ)အုပ်ကြီး ဦးဆောင်၍ KIA သောင်းကျန်းသူ ရင်း(၃၄) လှုပ်ရှားရာ မိုးမိတ်မြို့နယ်၊ တုံးကြီးကျေးရွာမှ  မိုးကုတ်မြို့သို့ သယ်ဆောင်ခဲ့ရာ နိုဝင်ဘာလပထမပတ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

မိုးကုတ်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များမှ ဖောက်ခွဲရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ အနေဖြင့် မေလ ၁၆ ရက်တွင် မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ရုံးအား ဘိုဘိုအောင်(ခ)ဘိုတေနှင့် ဖမ်းဆီးရန်ကျန် မီတာတို့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ ကြောင်း။

ဩဂုတ်လ ၂၂ ရက်တွင် မိုးကုတ်မြို့၊ မြို့မအုပ်စု၊ ထင်းရှုးခြံရပ်ကွက်၌ လုံခြုံရေးဆောင်ရွက်နေ သော မော်တော်ယာဉ်အား ဖမ်းဆီးရန်ကျန် တက်တူး (ခ)သက်ဇော်ဟိန်းတို့အဖွဲ့မှ လက်လုပ် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

စက်တင်ဘာလ ၃ ရက်တွင် မိုးကုတ်မြို့၊ မြို့မရပ်ကွက်၊ မြို့နယ်စည်ပင်ရုံးအား ဘိုဘိုအောင်(ခ) ဘိုတေ၊ ဇော်မျိုးထွန်း(ခ) အုပ်ကြီး နှင့်ဖမ်းဆီးရန်ကျန် ဘူချစ်(ခ)ထက်နေဝင်းတို့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း။

စက်တင်ဘာလ ၁၃ ရက်တွင် မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အရှေ့ ရွာဘုန်းကြီးကျောင်း အနီးရှိ Mytel တာဝါတိုင်အား ဘိုဘိုအောင်(ခ)ဘိုတေ နှင့်ဖမ်းဆီးရန်ကျန်ချိုငယ်၊ မီတာ၊ စိုင်းစိုင်း၊ ဗလကြီးတို့မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

မိုးကုတ်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုများအနေဖြင့် မိုးကုတ် (အနောက်ပိုင်း) PDF အကြမ်းဖက်အဖွဲ့မှ ဇူလိုင်လ ၁၃ ရက်တွင် မိုးကုတ်မြို့၊ မြို့မရပ်ကွက်၊ ညောင်သုံးပင်ရပ်နေအပြစ်မဲ့ပြည်သူ တစ်ဦးအား လည်းကောင်း၊ နိုဝင်ဘာလ ၁၂ ရက်တွင် မိုးကုတ်မြို့၊ ကျပ်ပြင်ကျေးရွာ၊ ကျောက်ဖားရပ်နေ အပြစ်မဲ့ပြည်သူ တစ်ဦးအားလည်းကောင်း၊ နိုဝင်ဘာလ ၃၀ ရက်တွင် မိုးကုတ်မြို့၊ ကျပ်ပြင် ကျေးရွာအုပ်စု၊ ပန်းမ(အောက်)ရပ်နေ အပြစ်မဲ့ ပြည်သူနှစ်ဦးအားလည်းကောင်း လက်နက်ငယ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။

ပတ္တမြားမြေ PDF အကြမ်းဖက်အဖွဲ့မှ ဇူလိုင်လ ၂၆ ရက်တွင် မိုးကုတ်မြို့၊ ချောင်းကြီးကျေးရွာ အုပ်စု၊ အလယ်ကျေးရွာနေအပြစ်မဲ့ပြည်သူ တစ်ဦးအား ဇော်မျိုးထွန်း(ခ)အုပ်ကြီး ဖမ်းဆီးရန် ကျန် ဗလကြီး၊ မောင်ရှိုင်း၊ ထက်ရှိုင်း၊ ချိုငယ်၊ တက်တူး(ခ)သက်ဇော်ဟိန်းနှင့် မျိုးလင်းကိုတို့ ခုနစ်ဦးမှ သတ်ဖြတ်၍ နေအိမ်ရှိ အဖိုးတန်ပစ္စည်းများအား ယူဆောင်သွားခဲ့ကြောင်း။

စက်တင်ဘာလ ၆ ရက်တွင် မိုးကုတ်မြို့၊ မြို့မရပ်ကွက်၊ ဈေးသစ်ရပ်ရှိကွမ်းနှင့် ကွမ်းပစ္စည်း ဆိုင်၌ အပြစ်မဲ့ပြည်သူနှစ်ဦးအား ဇော်မျိုးထွန်း(ခ)အုပ်ကြီးမှ လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။

စက်တင်ဘာလ ၁၆ ရက်တွင် မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ ရွှေကူ(၁၉) ရပ်နေ အရန် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးအား ဇော်မျိုးထွန်း(ခ) အုပ်ကြီး၏ စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် မီတာ၊ ချိုငယ်၊ မောင်ရှိုင်းတို့ သုံးဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။

စက်တင်ဘာလ ၂၂ ရက်တွင် မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ မြို့နယ်လျှပ်စစ်ရုံး၌ တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းတစ်ဦးအား ဘိုဘိုအောင်(ခ)ဘိုတေ၊ ဇော်မျိုးထွန်း(ခ) အုပ်ကြီး ဖမ်းဆီးရန်ကျန် မီတာ၊ ဗလကြီး၊ မောင်ရှိုင်းနှင့် မျိုးလင်းကိုတို့မှ လက်နက်ငယ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။

နိုဝင်ဘာလ ၁၄ ရက်တွင် မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ ပိတ်စွယ်နယ်မြေ (၃) နေ အပြစ်မဲ့ ပြည်သူလေးဦးအား ဇော်မျိုးထွန်း(ခ)အုပ်ကြီး၏ စေခိုင်းမှုဖြင့် အောင်ကိုဝင်း(ခ)မိုးသီး၊ ဖမ်းဆီး ရန်ကျန် ထက်ရှိုင်း၊ မောင်ရှိင်း၊ ကိုကိုး၊ ဗလကြီးတို့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း။

ဒီဇင်ဘာလ ၃ ရက်တွင် မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ ပိတ်စွယ်နယ်မြေ(၃)နေ အပြစ်မဲ့ ပြည်သူတစ်ဦးအားဇော်မျိုးထွန်း(ခ)အုပ်ကြီး၏ စေခိုင်းမှုဖြင့် ဖမ်းဆီးရန်ကျန် ကျွဲကြီးနှင့် ဘိုစီတို့ ၂ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

မိုးကုတ်မြို့နယ်အတွင်း PDF အကြမ်းဖက်အဖွဲ့များမှ ဖောက်ခွဲရေးလုပ်ငန်း ဆောင်ရွက်မှု လေးကြိမ်၊ အပြစ်မဲ့ပြည်သူများအားလုပ်ကြံ သတ်ဖြတ်မှု ကိုးကြိမ် ကျူးလွန်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ ၁၄ ဦးအားသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက် ဖောက်ခွဲမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများအား ဖမ်းဆီးရန်ကျန် နိုင်ငံကျော်(ခ)အောင်နိုင် (NLD ပါတီမိုးကုတ် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) နှင့် စိန်ထွန်းလင်း (NLD ပါတီ မိုးကုတ်မြို့နယ်၊ တိုင်း-၂ လွှတ်တော်ကိုယ်စားလှယ်ဟောင်း) တို့မှ နောက်ကွယ်မှ ထောက်ပံ့၍ စေခိုင်းနေခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။   

အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်း ပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။