စစ်တွေ ဒီဇင်ဘာ ၁၀
ရခိုင်ပြည်နယ်၌ ပထမအကြိမ် ရေချိုပုစွန်တုပ်ကြီး စမ်းသပ်သားဖောက်မှုအောင်မြင်ခဲ့၍ ၂၀၂ ခုနှစ်တွင် ဒုတိယအကြိမ် ကောင်ရေငါးသိန်းကို ဆက်လက်သားဖောက်မွေးမြူရန် ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနက လျာထားဆောင်ရွက်လျက်ရှိသည်။
သဘာဝဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ လူတို့၏အလွန်အကျွံဖမ်းဆီးမှုနှင့် ဈေးကွက်စီးပွား ရေးအရမျိုးစပ်အရည်အသွေးတိုးမြင့်လာမှုတို့ကြောင့် ဒေသမျိုးရင်းငါး/ပုစွန်တို့ မူလမျိုးရင်းများ ပျောက်ကွယ်မှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်း စားသုံးမှုသာမက ပြည်ပဈေးကွက်ဝင်ရေချိုပုစွန်ကို ဒေသမျိုးရင်းရှိတည်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ မြစ်၊ ချောင်းများအတွင်းမှ မျိုးစိတ်များရယူ၍ စမ်းသပ်သားဖောက်သုတေသနပြုမှု အောင်မြင်ခဲ့ ခြင်းဖြစ်သည်။
“ဒီနှစ်မှာ ပထမအကြိမ်ရေချိုပုစွန်စမ်းသပ် သားဖောက်ပြီး ကောင်ရေ ၁၀ သိန်းမှန်းထားတာ ဇူလိုင်လမှာ မိုးရေချိန်စံချိန်တင် ရွာသွန်းခဲ့ပြီး ပုစွန်သားပေါက်တစ်သိန်းကျော်ပဲ ရခဲ့တယ်။ ရေငန်ပုစွန်ကတော့ တစ်နှစ်ကို သားပေါက်ကောင်ရေ ၁၀ သိန်းကျော် ထုတ်နေတာ ရှိတယ်။ မွေးမြူရေးစခန်းသစ်ကို ပြောင်းပြီးသွားရင် ပိုပြီးထုတ်လုပ်နိုင်မှာပါ။ ကျောက်ဖြူပုစွန်သားပေါက် မွေးမြူရေးစခန်းကတော့ ရခိုင်ပြည်နယ်မှာ အများဆုံး ပုစွန်သားပေါက်ထုတ်လုပ်တဲ့ စခန်းပါ။ ရေငန်ပုစွန်စခန်း သုံးခုပေါင်းပြီး ထွက်ရှိမှုက သားပေါက်ကောင်ရေ ၁၅ သန်းကျော်ထုတ်လုပ်နိုင်မယ်။ ပြည်ပဈေးကွက်ဝင် ရေချိုပုစွန်တုပ်အနေနဲ့ စမ်းသပ်သားဖောက် အောင်မြင်ခဲ့တာကြောင့် ၂၀၂ခုနှစ်မှာ သားဖောက် ကောင်ရေ ငါးသိန်းထုတ်လုပ်ဖို့ လျာထားပါတယ်။ ရခိုင်ပြည်နယ်ဟာ ရေသယံဇာတနဲ့ ရပ်တည်လို့ရတဲ့ ပြည်နယ်တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့ လုပ်နိုင်သလောက် နိုင်ငံခြားဝင်ငွေရရှိဖို့ ဆောင်ရွက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဦး က ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ငါး/ ပုစွန်သားပေါက်များကို ယခုနှစ်မိုးရာသီ၌ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့ရှိ မြစ်၊ချောင်း၊ ဆည်တမံနှင့် သဘာဝရေပြင်တို့တွင် စိုက်ထည့်ခဲ့ပြီး ရေထွက်ကုန် အများဆုံးထွက်ရှိရာ ရခိုင်ပြည်နယ်တွင်လည်း ရေချို၊ ရေငန်ငါး/ပုစွန် နှစ်လက်မအရွယ် သားပေါက်များကို သဘာဝရေပြင်နှင့် မြစ်၊ ချောင်းများအတွင်း ဒေသမျိုးရင်းများ ပျောက်ကွယ်မှု မရှိစေရန်နှင့် တစ်ချိန်တွင် ပင်လယ်ပြင်၌ ရေသယံဇာတရှားပါးလာပါက နိုင်ငံအတွင်းရှိမြစ်၊ ချောင်းများနှင့် သဘာဝရေပြင်တို့၌ ငါး/ပုစွန်များရှင်သန်ပေါများနိုင်စေရန်ရည်ရွယ်၍ စိုက်ထည့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရေငန်ပုစွန်သားဖောက် စခန်းများကို ကျောက်ဖြူမြို့နယ် စေတိယျစခန်း၊ စစ်တွေမြို့နယ်ရေချမ်းပြင်စခန်း၊ ပေါက်တောမြို့နယ် စိုးမဲကျီစခန်း (စစ်တွေမြို့အောင်နိုင်စခန်း) တို့တွင် သားပေါက်များကို ထုတ်လုပ်လျက်ရှိပြီး ရေချိုပုစွန်သားပေါက်ထုတ်လုပ်မှုကို ကျောက်ဖြူမြို့ စေတိယျစခန်း၌ ရေငန်ပုစွန်ထုတ်လုပ်ပြီးချိန်တွင် ဆက်လက်ထုတ်လုပ်မည် ဖြစ်သည်။ ကျောက်ဖြူတွင် ရေချိုပုစွန်ထုပ်ကြီး ဒုတိယအကြိမ် စမ်းသပ် သားဖောက်အောင်မြင်ပါက ကျောက်တော်မြို့ ပုဏ္ဏားကျွန်းတွင် စခန်းသစ်တစ်ခုတည်ဆောက်ရန် ရခိုင်ပြည်နယ်အစိုးရက လျာထားဆောင်ရွက်လျက် ရှိသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ- ကနူး