နေပြည်တော် ဒီဇင်ဘာ ၇
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်း အဆောက်အဦများနှင့် ဆက်စပ်အဆောက်အဦများ ဆောက်လုပ်ရာ၌ အသုံးပြုရန် အတွက် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊ ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်ခွဲသားများအား လျှောက်ထားဝယ်ယူခဲ့သည့် ကိစ္စတွင် နိုင်ငံတော် ၏ နစ်နာဆုံးရှုံးမှုများအတွက် တာဝန်ရှိသူများအပေါ် အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လရောင်တောစီမံကိန်းတွင် အသုံးပြုရန်အတွက် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား၊ ပျဉ်းကတိုး၊ ပိတောက်သစ် စုစုပေါင်း ၁၇၂ ဒသမ ၀၇၆၄ တန်ကို ရောင်းချပေးရန် နှစ်ကြိမ် လျှောက်ထားမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ၎င်း၏ ဆုံးဖြတ်ချက်ဖြင့်သာ ရောင်းချပေးရန် မြန်မာ့ သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးထံ ညွှန်ကြားခဲ့ခြင်း၊ စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးတွေ့ရှိချက် အရ မြန်မာ့သစ်လုပ်ငန်းက ရောင်းချထားသည့် ဈေးနှုန်းနှင့် တင်ဒါအောင် ဈေးနှုန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းဦးစီးဌာနတို့၏ ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ် တွက်ချက်မှုများအရ နိုင်ငံတော်အနေဖြင့် စုစုပေါင်း ငွေကျပ်သန်း ၁၀၀ ကျော်ခန့် နစ်နာမှု ရှိခဲ့ခြင်းကြောင့် ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးအုန်းဝင်းသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်း တွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)