Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ   ၅

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်း၌ ကျင်းပ သည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ဌာနဆိုင်ရာအကြီး အကဲများ၊ Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူတို့က မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဓာတ်အားပေးစက်ရုံ ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သပြေဝနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးတွင် Clean Power Energy (CPE) Co.,Ltd မှ BOO (Build Operate Own) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရေအား၊ နေအား၊ လေအားအစရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် သဘာဝကပေးထားသည့်် အားသာချက်ကို ကောင်းစွာအသုံးချပြီး နေရာင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့တည်ဆောက်ရာတွင် မြေဧကများစွာ လိုအပ်သည့်အတွက် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေး ဆောင်ရွက်ရန် ခက်ခဲသည့်မြေများနှင့် အပူပိုင်းဒေသ လွင်တီးခေါင်ပြင်မြေများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီမံချက်ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း။

ထပ်မံ၍  မြေပေါ်အခြားမြေပြင်၌ တည်ဆောက်မည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများနှင့် ရေပေါ်နေရောင်ခြည်စွမ်း အင်သုံးဓာတ်အား ပေးစက်ရုံများ (Floating Solar Plants)ကို လည်းအကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုသပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၏ စက်တပ်ဆင်အင်အား မှာ မဂ္ဂါဝပ် ၃၀ ဖြစ်ကာ မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း မှ တစ်ရက်လျှင် လျှပ်စစ်ယူနစ် ကီလိုဝပ်နာရီ (၂)သိန်းကျော်ခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၇၀ ဒသမ ၅၉၉ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ထွက်ရှိလာမည့်် လျှပ်စစ်ဓာတ်အားများကို သပြေဝပင်မဓာတ်အားခွဲရုံမှတဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ပါကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၉) သန်းကျော်ရှိသည့် အနက် အိမ်ထောင်စု (၆ ဒသမ ၆)သန်းခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီး ဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်မီးရရှိသုံးစွဲပြီးသူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ လျှပ်စစ်မီးသုံးစွဲခွင့်မရသေးသူများအတွက်လည်း သုံးစွဲခွင့်် ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်း ပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း။

ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်းနှင့် မိမိတို့သုံးစွဲခဲ့သော ကျသင့်သည့် ဓာတ်အားခများကို သတ်မှတ် ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံအတွင်းရှိ လျှပ်စစ်မီးသုံးစွဲရန်ကျန်ရှိနေသူ ပြည်သူများသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး၊ လက်ရှိဓာတ်အား သုံးစွဲနေသော စက်ရုံ၊ အလုပ်ရုံများအပြင် ခေတ်မီစက်ရုံ၊ အလုပ်ရုံများ၏ ဓာတ်အားလိုအပ် ချက်ကို စဉ်ဆက်မပြတ် တိုးတက်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို နားလည်သဘောပေါက်ပြီး အကောင်အထည်ဖော်ဆောင် ရွက်နေသည့် လုပ်ငန်းများအပေါ် ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက် ပေးစေလိုကြောင်း  ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရ ခြင်း၏ အကျိုးကျေးဇူး များကိုလည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက စက်ရုံတည်ဆောက် ရသည့် အကျိုးကျေးဇူးကို လည်းကောင်း၊ Clean Power Energy (CPE) Co.,Ltd မှ တာဝန်ရှိသူက ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်ခဲ့မှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အားပေးစက်ရုံ တည်ဆောက် ခဲ့မှုမှတ်တမ်း ဗွီဒီယိုကိုကြည့်ရှုပြီး နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေကို  လှည့််လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)