Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၁) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦခင်ရီ၊ ဦးမြင့်ကြိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဘက်ပေါင်းစုံမှစဉ်းစား

ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်၊ လုယက်၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ တရားမဝင်အဖွဲ့အစည်းများဖြစ်သော NUG၊  CRPH နှင့် PDF အကြမ်းဖက်အဖွဲ့များက လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်၊ လုယက်တိုက်ခိုက် သတ်ဖြတ်ခြင်းများ ဆောင်ရွက် နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှတာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသူများနှင့် လက်နက်ခဲယမ်းများအား ဖော်ထုတ်ဖမ်းဆီရမိမှု၊ ထိုသို့ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် တာဝန်ရှိသူများအား အသိအမှတ်ပြုမှု၊ မူးယစ်ဆေးဝါးများ ဖမ်းဆီရမိမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေမှု၊ မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ခြင်းနှင့် ပြီးခဲ့သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့၏ အဂတိလိုက်စားခဲ့မှုများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ဦးတည်ချက် (၅) ရပ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည်စွက်ခြင်းများ ဆောင်ရွက်ရာတွင်  အများပြည်သူများ သိရှိနားလည် လိုက်နာနိုင်စေရေးအတွက် ဘက်ပေါင်းစုံ မှစဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည်စွက် မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်