“တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံသားတိုင်းတွင် ပြည်ထောင်စု စိတ်ဓာတ်ထားရှိ မွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံစဉ်မှာကြားခဲ့သည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော်ဖြင့် စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံးသည် အတူနေ မိသားစုသဖွယ် ပြည်ထောင်စုကြီးအတွင်း၌ အေးအတူပူအမျှ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နှစ်ပေါင်းထောင်ချီ အတူတကွနေထိုင်ခဲ့ကြသည်။ အတူတကွ စုပေါင်းနေထိုင်ကြစဉ် နယ်ချဲ့ လက်အောက်ရောက်ခဲ့သော အခါ၌ ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူရန်တိုင်းရင်းသားပြည်သူအားလုံး အတူလက်တွဲ၍ တော်လှန်ခဲ့ကြသည်။
ပြည်ထောင်စုကြီးအတွင်း တစည်းတလုံးတည်းနေထိုင်ခြင်းကြောင့် တိုင်းပြည်ငြိမ်းချမ်း သာယာဝပြောခဲ့သည်။ ပြည်ထောင်စုကြီးအတွင်း တစည်းတလုံးတည်း နေထိုင်ခြင်းကြောင့် ဆုံးရှုံးသွားသောလွတ်လပ်ရေးကို လက်တွဲညီညာရယူနိုင်ခဲ့သည်။ စည်းလုံးညီညွတ်ခြင်းသည် ကောင်းခြင်းများနှင့်ပြည့်စုံစေပြီး အန္တရာယ်ရန်စွယ်ဟူသမျှကိုလည်း တွန်းလှန်ဖယ်ရှားနိုင်သည်။ ပြည်ထောင်စုစိတ်ဓာတ် ပျက်ပြားပါက၊ ပြည်ထောင်စုစိတ်ဓာတ်ပါးလျားလျော့နည်းလာပါက မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှု၊ မခိုင်မြဲမှုများဖြစ်ပေါ်လာပြီး တိုင်းပြည်ပျက်စီးနိုင်သည်။
ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်သည် အလွန်အရေးကြီးပြီး နိုင်ငံသားအားလုံး ပြည်ထောင်စု စိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးသည်။ “ပြည်ထောင်စုစိတ်ဓာတ်” ဆိုသည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို မိသားစုတစ်စုတည်း၊ အိမ်ထောင်စုတစ်ခုတည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသည့် သဘောထားခံယူချက်ပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသား အချင်းချင်းတစ်ဦးကို တစ်ဦးရိုင်းပင်းကူညီလိုခြင်း၊ အခက်အခဲတွေ့ကြုံလျှင် ကူညီဖြေရှင်းပေး လိုခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်လိုခြင်း၊ အချင်းချင်းစာနာထောက်ထားခြင်းနှင့် နားလည် သည်းခံတတ်ခြင်းတို့သည် ပြည်ထောင်စုစိတ်ဓာတ်၏ ကောင်းမြတ်သည့် အခြေခံကောင်းများ ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလူငယ် မောင်မယ်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသားလူမျိုးများအားလုံး မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ငါတို့သည် ဤပြည်ထောင်စုကြီးအတွင်း အတူတကွ စုပေါင်းနေထိုင်ကြသော မိသားစုဝင်များဖြစ်သည်ဟူသော တူညီသည့်စိတ်ထားများ ထားရှိကြရန်လိုအပ်သည်။ အဆိုပါ စိတ်ဓာတ်သည် ပြည်ထောင်စုကြီးကောင်းကျိုးအတွက် မွေးမြူထားရမည့်စိတ်ဓာတ်ဖြစ်သည်။ ထိုစိတ်ဓာတ်များ မွေးမြူနိုင်ခြင်း မရှိပါက တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး ပြင်ပမှ စွက်ဖက်နှောင့်ယှက်မှုများ ပိုများလာမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ပြည်ထောင်စုကြီးပြိုကွဲရေးကို စနစ်တကျကြိုတင် စီမံဆောင်ရွက်နေကြရာ ယခုအခါ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားပြီး လက်နက်စွဲကိုင်တိုက်ခိုက်သတ်လာကြသည် အထိ ဖြစ်ပေါ်နေသည်ကိုတွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုမပြိုကွဲစေရေးအတွက် စည်းလုံးညီညွတ်မှုကို မမေ့လျော့ရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ မပျောက်ကွယ်ရန် အထူးသတိပြုကြရမည် ဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေး (၃) ပါးကို အလေးအနက်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အခြေခံကောင်းများ ပွားများထွန်းကားလာအောင် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်သည်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် ပင်ကိုအားဖြင့် ရိုးသားဖြူစင် ကြသောမိသားစုများ ဖြစ်သည်။ ရိုးသားသောတိုင်းရင်းသားများ၏ ရှိရင်းစွဲ ပြည်ထောင်စုစိတ်ဓာတ်များ ပါးလျားပျောက် ကွယ်လာအောင် သွေးထိုးလှုံ့ဆော် နှောင့်ယှက်မှုများကိုလည်း သတိပြုရမည်ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းသား လူငယ်လူရွယ်မျိုးဆက်သစ်များတွင် ပြည်ထောင်စုစိတ်ဓာတ် မကွယ်ပျောက်အောင်။ ပြည်ထောင်စုစိတ်ဓာတ် ထုံမွမ်းနေရေးသည် အရေးကြီးသည်။
လက်ရှိအချိန်အခါကာလတွင် မသမာသူအဖျက်သမားများက တိုင်းပြည်ပျက်စီးရေးကို ကြိုးပမ်းအား ထုတ်နေသဖြင့် ပြည်ထောင်စုသားအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အားကောင်း လာရေး အထူးလိုအပ်နေသည်။ တိုင်းရင်းသားပြည်သူများအတွင်း ပြည်ထောင်စုစိတ်ဓာတ်များ ပွားများလာအောင် ဝိုင်းဝန်းဆောင်ရွက်ကြပြီး ပြည်ထောင်စုမပြိုကွဲရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။