Skip to main content

၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူ ဆုရှင်တို့၏ ရင်တွင်းစကားသံများ

ရန်ကုန် နိုဝင်ဘာ ၂၁ 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေး ဆရာများ၏အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသော စာရေးဆရာကြီး၊ ဆရာမကြီးများအား မြန်မာ့အလင်းက တွေ့ဆုံမေးမြန်းခဲ့သည်။

အောင်စိုး(စိုက်ပျိုးရေး၊ ၁၀၇)  

သုတပဒေသာ(ရိုးရိုးသိပ္ပံ၊အသုံးချသိပ္ပံ)ပထမဆု

ဦးအောင်စိုး(အောင်စိုး-စိုက်ပျိုးရေး၊ ၁၀၇)က “ကျွန်တော်က ၁၉၆၈ ခုနှစ်မှာ ဘွဲ့ယူခဲ့တာပါ။ ကျွန်တော့် အထက်မှာ ၁၀၆ ယောက် ဘွဲ့ရခဲ့တာရှိတော့ ကျွန်တော်က ၁၀၇ ယောက်မြောက်မို့လို့ ၁၀၇ ထည့်တာပါ၊ ဒီ “အရိပ်ရပင်များနှင့် ပန်းအလှပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ စီးပွားဖြစ် လုပ်ကိုင်နိုင်မည့်နည်း လမ်းများ စာအုပ်ကို ရေးဖြစ် တယ်ဆိုတာက စာအုပ်ထဲမှာပါတဲ့ စိုက်ပျိုး နည်းလမ်းပေါင်း ၅၀ ထဲက တစ်မျိုးမျိုးကို ဇောက်ချ လုပ်ကိုင်မယ်ဆိုရင် စီးပွားဖြစ်လုပ်ကိုင်နိုင်တယ် လို့ ပြောတာပါ။ အရင်းအနှီး မများပါဘူး။ ကိုယ့်အိမ်မှာရှိတဲ့ ဒသမ ၁ ဧကလောက်ဖြစ်ဖြစ် အပင် တစ်မျိုးမျိုးကို ဇောက်ချလုပ်ရင် ကိုယ်လုပ်တဲ့ အပင်က အမျိုးအစားလည်း စုံတယ်၊ အရေအတွက် လည်းများတယ်၊ အပင်ရဲ့ အရည်အချင်းလည်း ပြည့်စုံတယ်ဆိုရင် ဘယ်နေရာမှာပဲလုပ်လုပ် အပင် ဝယ်ယူမယ့်သူ ကမရှားပါဘူး။ စာအုပ်ထဲမှာဟင်းသီး ဟင်းရွက်အမျိုးအစား ၁၀ မျိုးနဲ့ သစ်သီးဝလံ ၁၀ မျိုး ရေးထားပါတယ်ဟု ပြောကြားသည်။

ဆရာသည် စာပေဗိမာန်ဆုပြိုင်ပွဲ၌ ၁၉၉၈ ခုနှစ်က “သုတပဒေသာ(သိပ္ပံနှင့် အသုံးချပညာ ရပ်)” တွင် “သန်းရှစ်ဆယ်ဖြစ်လာခဲ့လျှင် စာမူဖြင့် ပထမ၊ ၂၀၀၆ ခုနှစ်တွင် “သုတပဒေသာ(သိပ္ပံနှင့် အသုံးချပညာရပ်)”၌ “ထိပ်ဆုံးသို့အမြန်ရောက်ဖို့ စိုက်ပျိုးရေးနှင့် လှမ်းတက်စို့စာမူဖြင့် ပထမ၊ ၂၀၀၇ ခုနှစ်တွင် “သုတပဒေသာ(အသုံးချပညာရပ်)”၌ “ပို့စ်ဟာဗက် ဆွတ်ခူးပြီးနောက်ပိုင်း ဝယ်စာမူဖြင့် ပထမ၊ ၂၀၀၈ ခုနှစ်တွင် “ဖွံ့ ဖြိုးဝေဆာ ခေတ်သစ် စိုက်ပျိုးရေးရာ စာအုပ်ဖြင့် သုတပဒေသာ(သိပ္ပံနှင့် အသုံးချသိပ္ပံ) ဘာသာရပ်တွင် အမျိုးသားစာပေဆု၊ ၂၀၀၉ ခုနှစ်တွင် “သိပ္ပံနည်းကျ လက်တွေ့အသုံးချ စပျစ်စိုက်ပျိုးရေးနည်းပညာစာမူဖြင့် ဒုတိယဆု၊ ၂၀၁၀ ပြည့်နှစ်တွင် အထက်ပါဘာသာရပ်၌ပင် “အရေးကြီးသီးနှံများတွင် တွေ့ရှိသော အာဟာရ ချို့တဲ့မှုနှင့် ယင်းတို့အား ကုစားနည်း စာမူဖြင့် ဒုတိယဆု၊ ၂၀၁၂ ခုနှစ်တွင် “သက်ရှည်ကျန်းမာ ချမ်းသာရေးအတွက် လူတိုင်းနေ့စဉ်စားသုံးရမည့် သစ်သီး (၃)မျိုး၊ ဖရဲသီး၊ သခွားမွှေး၊ နဂါးမောက် စာမူဖြင့် ဒုတိယဆုများကိုလည်း ရရှိခဲ့သည်။

ဆရာ အောင်စိုး (စိုက်ပျိုးရေး၊ ၁၀၇) အား ၁၉၃၉ ခုနှစ် ဇွန် ၂၅ ရက်တွင် အဘဦးရွှေ(မြန်မာ့ဆေး ဆရာ)၊ အမိဒေါ်မုန်းတို့က တောင်တွင်းကြီးမြို့နယ် ညောင်ပင်လှကျေးရွာတွင် မွေးဖွားပြီး ညီအစ်ကို မောင်နှမသုံးဦးအနက် ဒုတိယဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၈၉ အထိ နိုင်ငံအချင်းချင်းအထောက် အပံ့ဖြင့် ပြင်သစ်ပြည်တွင် စပျစ်စိုက်ပျိုးရေးနှင့် စပျစ်ခိုင်ထုတ်လုပ်ရေး လုပ်ငန်း များကို သွားရောက် သင်ကြားခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မိတ္ထီလာ စပျစ်ခြံ များ၏ဇုန်မန်နေဂျာအဖြစ်လည်းကောင်း၊ အထက် မြန်မာပြည် ဥယျာဉ်ခြံသီးနှံများ၏ တာဝန်ခံအဖြစ် လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရုံးချုပ် ဥယျာဉ်ခြံ သီးနှံဌာနသို့ ပြောင်းရွှေ့ပြီး ဥယျာဉ်ခြံသီးနှံရုံး လက်ထောက် အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့ သည်။ ၂၀၀၀ ပြည့်နှစ်တွင် အငြိမ်းစားယူခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။

ဝတ်ရည်ခင်(ပဲခူး) ကလေးစာပေပထမဆု

မြန်မာ့မေတ္တာစွမ်း ကမ္ဘာကိုလွှမ်းစေရမည် စာအုပ်ဖြင့် ကလေးစာပေ ပထမဆုရ ဒေါ်ခင်ဝတ်ရည် (ဝတ်ရည်ခင်-ပဲခူး) က “ဒီဆုရရှိတဲ့အပေါ် အလွန်ဝမ်းသာကြည်နူးမိပါတယ်။ ကလေးအရွယ် ဆိုတာအသိ ဉာဏ်ဖွံ့ဖြိုးမှု အားအကောင်းဆုံးအရွယ် ဖြစ်ပါတယ်။ အဲဒီအရွယ်လေးတွေအတွက် အသိ ပညာစာပေလေးတွေ မျှဝေပေးချင်မိတာ ရင်ထဲက ဆန္ဒတစ်ခုပါ။ ကလေးစာပေ လေးတွေကရေးရင်းနဲ့ ကို ကုသိုလ်ရနေတဲ့ စာပေပါ။ အရင်နှစ်က ကလေး စာပေဝတ္ထုတို ဒုတိယတစ်ခါ ရထားပါတယ်။ ကလေးစာပေတွေကို ဆက်လက်ရေးသွားပါ့မယ်။ စာပေလောကကို ၂၀၀၆ ခုနှစ်က စတင်ဝင်ရောက်ခဲ့ ပါတယ်။ မင်္ဂလာမောင်မယ်မှာ ထူးချွန်တဲ့လူငယ် ကလေးတွေအကြောင်း ရေးသားရင်းနဲ့ စတင်ပြီး စာတွေ ရေးသားခဲ့တာပါ။ စာပေဗိမာန်ဆု၊ လူငယ်ဆု၊ ကလေးစာပေဆု၊ ပြဇာတ်စာပေဆုတွေ ရရှိထားပြီး ပါပြီ။ ဆက်လက်ပြီး စဉ်ဆက်မပြတ် ရေးသားနေမှာပါ။ စာဖတ်ပရိသတ်ကို ပြောချင်တာ ကတော့ စိတ်ကောင်းထားရင် စာကောင်းထွက်ပါ တယ်ဆိုတဲ့အတိုင်း စာကောင်းပေမွန်လေးတွေကို အသက်ရှင်နေထိုင်နိုင်တဲ့အချိန်အထိ ရေးသားသွားမှာပါ။ ကလေးဝတ္ထုလေးတွေကို အသိပညာ  ဗဟုသုတများကို လက်တွေ့ကျကျ ရေးသားထား  ပါတယ်။ ယနေ့ ခေတ်ကလေးတွေက အသိဉာဏ် ပညာကြွယ်ဝမှုက ရှိရမယ့် ဦးနှောက်အသိထက် ပိုတော်နေကြတာ များသောအားဖြင့် တွေ့ကြရ  တယ်။ ဆရာမတို့က သူတို့တော်နေ ထက်နေတာကို စာဖတ်ခြင်းဖြင့် ပိုပြီး လင်းလက်တောက်ပစေချင် တာပါ ဟု ပြောကြားသည်။

တင်စိုး၊ ဓာတ်ပုံ - အာကာစိုး