Skip to main content

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) အခမ်းအနားများကို မန္တလေးမြို့နေ ပြည်သူများ အစဉ်အလာမပျက်ကျင်းပ

မန္တလေး နိုဝင်ဘာ ၁၈

ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သည့်အားလျော်စွာ (သာမညဖလအခါတော်နေ့) အခမ်းအနားကို ရှေးထုံးတမ်းစဉ်လာ မပျက် ကျင်းပကြသည်။

မန္တလေးမြို့၏ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်အား ယနေ့နံနက် ၄ နာရီတွင် ရေတော်ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌအမှူးပြု၍ မျက်နှာသစ်တော် ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်း ကပ်လှူကာ ဆွမ်း၊ ရေချမ်း၊ ပန်းများ ကပ်လှူ ပူဇော်ခြင်း၊ ဘုရားဖူးလာ ဗုဒ္ဓဘာသာဝင် သူတော်စင် ရဟန်းရှင်လူ ပြည်သူများကလည်း မဟာမုနိရုပ်ရှင်တော်မြတ်အား ဆွမ်း၊ ရေချမ်း၊ ပန်း ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ပဌာန်းဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားဘာဝနာ အားထုတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်၍ နံနက် ၅ နာရီတွင် မဟာမုနိဂေါပကအဖွဲ့မှ ကြီးမှူး၍ မဟာမုနိရုပ်ရှင် တော်မြတ်ကြီးအား (၃၂) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ပူဇော်မည့် တဘက်တော်နှင့် မသိုးသင်္ကန်းတော်မြတ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဖွဲ့ဝင်များအား စက်ချုပ်အဖွဲ့နှင့် တဘက်ပညာ ရှင်များက ပေးအပ်ကြသည်။

ထို့နောက် ရေတော်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ အရှင်သူမြတ်အမှူးပြု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တဘက်တော်ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူ များက သင်းပိုင်သင်္ကန်းတော်ကိုလည်းကောင်း၊ မဟာမုနိဂေါပကအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့၊ ရက်ကန်းနှင့် စက်ချုပ် ပညာရှင်များအဖွဲ့၊ မဟာမုနိဂေါပကဝန်ထမ်းများ၊ ဓမ္မစကြာဝတ်အဖွဲ့တို့က ဧကသီ သင်္ကန်းတော်ကိုလည်းကောင်း ကိုင်ဆောင်၍ မဟာမုနိရုပ်ရှင်တော်မြတ်အား လက်ယာရစ် သုံးပတ် လှည့်လည်ပူဇော်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာမုနိရုပ်ရှင်တော်မြတ်အား မသိုးသင်္ကန်းတော်ကို လွမ်းခြုံ ပူဇော်ကန်တော့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က မသိုးမြတ်သင်္ကန်းတော်ကို လုပ်အားဒါန ပြုရက်လုပ်ခဲ့ကြသော ရေကြည်၊ ပေါက်၊ အုန်းတော၊ အင်းလေးဒေသ ရက်ကန်းပညာရှင်များအဖွဲ့၊ ကိုးလုံးတကာ စက်ချုပ် ပညာရှင်များအဖွဲ့၊ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့တို့အား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီး မြှင့်ကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ နေ့ခင်းနှင့်ညပိုင်းတို့တွင်လည်း မန္တလေးတောင် ဆုတောင်းပြည့် ဘုရား၊ ကျောက်တော်ကြီး၊ စန္ဒာမုနိကုသိုလ်တော်ဘုရား၊ မဟာလောက ရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား၊ ရွှေကျီးမြင့်ဘုရား၊ ဘုရားနီဘုရား၊ ဆုတောင်းရဘုရား၊ ဆုတောင်းပြည့် ဘုရား၊ ချမ်းသာရဘုရား၊ စွယ်တော်မြတ်စေတီတော် (မန္တလေး)၊ နန်းမြို့ ဆုတောင်းပြည့်ဘုရား စသည့် တန်ခိုးကြီးဘုရားစေတီတော်တို့တွင် ရွှေသင်္ကန်းများ၊ ပန်း၊ ရေချမ်း၊ သစ်သီး ဆွမ်းတော်များ ဆက်ကပ်လှူဒါန်း၍ ဆီမီးပူဇော်ခြင်းများ၊ တရားဘာဝနာ အားထုတ်ကြသူများ၊ ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် အသင်းအဖွဲ့များကို အလှူရှင်များက စတုဒီသာ မုန့်လုံးရေပေါ်၊ မယ်ဇလီဖူးသုပ် နှင့် ကြာဇံဟင်းများ ကျွေးမွေးကုသိုလ်ပြုကြပြီး အထူးစည်ကားလျက်ရှိသည်။

တင်မောင်-မန္တလေး