Skip to main content

ထူးကဲလွန်မြတ်သည့် အလှူဒါန

လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်းသော လဖြစ်သည်ဟု ရှေးစာဆိုတို့ကဆိုသည်။ ၁၂ လရာသီပွဲများ အနက် တန်ဆောင်မုန်းလ၏ ထင်ရှားသည့်ပွဲမှာ ကထိန်ပွဲပင်ဖြစ်ပြီး နိုင်ငံအတွင်း ဒေသအသီးသီးတို့တွင် ခြိမ့်ခြိမ့်သဲသဲကျင်းပသည့် ဘာသာရေးဆိုင်ရာပွဲဖြစ်သည်။ ကထိန်ပွဲကျင်းပခြင်း၏ မူလအစသည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကာလ ဓုတင်ဆောင်သော ပါဝေယျကတိုင်းသားရဟန်းတော်သုံးကျိပ်တို့၏ ဆင်းရဲပင်ပန်းမှု ကို တွေ့မြင်တော်မူပြီးနောက် ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အာရညကင်ဓုတင်၊ ပိဏ္ဍပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိက်ဓူတင်တို့ကို ဆောက်တည်ကြသော ပါဝေယျက တိုင်းသားရဟန်းတော်သုံးကျိပ်သည် မြတ်စွာဘုရားကို ဖူးမြော်ရန် လာစဉ်လမ်းခရီး၌ ဝါဆို၍ သာကေတမြို့၌ ဝါကပ်ကြရကုန်၏။ မိုးလလွန်၍ ဝါကျွတ်သည့်အခါ ပဝါရဏာပြု၍ ရွှံ့ညွန်နှင့် မိုးရေတို့ကြားမှပင် မြတ်စွာဘုရားထံ ပင်ပန်းစွာ ရောက်ရှိကြသောအခါ ဓူတင်ဆောင် ရဟန်းတို့၏ ပင်ပန်းဆင်းရဲခြင်းကိုကြည့်ပြီး ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့သည်။

“ရဟန်းတို့၊ ဝါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏။ ရဟန်းတို့၊ ကထိန်ခင်း ပြီးသော ရဟန်းတို့အား ထင်ရှားစွာ ရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း၊ တိစီဝရိက်အဓိဋ္ဌာန်တင်သော သင်္ကန်းကိုမယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အဓိဋ္ဌာန်ဝိကပ္ပနာမပြုသော သင်္ကန်းကို အလိုရှိတိုင်းဆောင်နိုင်ခြင်း၊ ထိုကထိန်ခင်း သောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ငါးပါးသော ကထိန်အာနိသင်တို့ကို ရကုန်၏” ဟူ၍ မြတ်စွာဘုရားက မိန့်တော်မူခဲ့ရာ ကထိန်၏ အကျိုးကို ရဟန်းတော်တို့ရရှိသည့်နည်းတူ လှူဒါန်းသူဒါယကာ၊ ဒါယိကာမတို့လည်း ရရှိကြသည်။ ကထိန်ဒါနပြုကြသူတို့မှာ လိုရာခရီးသို့ အပိတ်အပင် အဆီးအတားမရှိ၊ ဘေးရန်ကင်းကွာ၊ ချမ်းသာစွာ သွားရောက် နိုင်ခြင်း၊ မိမိတို့၏ ပိုင်ဆိုင်ဥစ္စာများ ရပ်ဝေး၌ သိမ်းထားစေကာမူ ဘေးမသီရန်မခခြင်း၊ ကောင်းမွန်သည့် အစာအာဟာရကိုစားရပြီး အစာမှ အဆိပ်မသင့်နိုင်ခြင်း၊ ရောက်ရာဘဝတွင် စည်းစိမ်ချမ်းသာပေါများကြွယ်ဝခြင်း၊ ဖြစ်ပေါ်လာသည့် စီးပွားဥစ္စာ ခိုင်မြဲခြင်းတို့ သည် ကထိန်အလှူရှင်တို့ ခံစားရနိုင်သည့် အကျိုးကျေးဇူးများပင်ဖြစ်သည်။

ကထိန်အလှူတော်သည် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လတာအတွင်းခင်းရပြီး ကထိန်သင်္ကန်းကို ယနေ့အလှူခံပြီး ယနေ့ကံဆောင်ကာ ခင်းရသည်။ အလှူရှင်ကသဒ္ဓါဖြင့် လှူဒါန်းသော သင်္ကန်းကိုသာ ကထိန်ခင်းထိုက်ပြီး ရဟန်းက ဥပါယ်တံမျဉ်ဖြင့် သင်္ကန်းကို အလှူမခံရခြင်း၊ သင်္ကန်းမှလွဲ၍ အခြားပစ္စည်းများဖြင့် ကထိန် မခင်းနိုင်ခြင်း၊ ကထိန်းခင်းသော ရဟန်းတော်သည် ဝါဆိုဝါကပ်တော်မူပြီး ဖြစ်ရခြင်းဟူသော ကန့်သတ်ချက်များလည်း ရှိသည်။ ကထိန်အလှူတော်သည် သံဃာ့ဂုဏ်တော်တို့ကို အာရုံပြု၍ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအစွဲကင်းကင်းဖြင့် သဒ္ဓါရွှင်လန်းစွာ လှူဒါန်းရပြီး အလှူခံပုဂ္ဂိုလ်နှင့် အလှူရှင်တို့နှစ်ဦးနှစ်ဖက်အကျိုးထူးသော အလှူပင်ဖြစ်သည်။

ကထိန်ဟူသော ဝေါဟာရသည် ပါဠိဘာသာအားဖြင့် ကထိန မှ ဆင်းသက်လာခြင်းဖြစ်ပြီး အနက်အဓိပ္ပာယ်အားဖြင့် “မြဲမြဲ ခိုင်ခံ့ခြင်း”ဟူ၍ဖြစ်သည်။ မြတ်စွာဘုရားရှင်က ကထိန်ခင်းပြီးသော ရဟန်းတို့ ဤအကျိုးငါးပါးရမည်။ ကထိန်ကို ဤသို့ခင်းရ မည်ဟူ၍ ဟောကြားတော်မူခဲ့ခြင်းဖြစ်ရာ ကထိန်ပွဲသည် ထူးခြားလေးနက်သော၊ ဝိနည်းပိဋကတ်အရ အလေးအမြတ်ပြုအပ်သော သာသနာတော်ဆိုင်ရာ အခမ်းအနားဖြစ်သကဲ့သို့ ကထိန်သင်္ကန်း လှူဒါန်းသော အလှူရှင်တို့မှာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ အကျိုးထူးရရှိနိုင်သော ထူးကဲမွန်မြတ်လှသည့် အလှူပင်ဖြစ်သည်ဟူ၍ ဝမ်းမြောက်သာ ခေါ်နိုင်ပါစေကြောင်း။      ။