ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ပြည်သူများအကြား မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုများကို ရွေးချယ်ချီးမြှင့်ပေးတော့မည် ဖြစ်သည်။ အဆိုပါ အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူများအား သွားရောက် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။
ဦးမောင်မောင်လတ်(နောင်)
အမျိုးသားစာပေတစ်သက်တာဆုရှင်
အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးမောင်မောင်လတ်(နောင်)ကို မကွေးတိုင်းဒေသကြီး စလင်းမြို့၌ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ပဒေသာ မဂ္ဂဇင်း၊ သွေးသောက် မဂ္ဂဇင်းတို့မှ အစပြု၍ ယနေ့တိုင် စာပေအနုပညာနှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။ ဆရာကြီး သည် ၁၉၉၃ ခုနှစ်တွင် “မနက်ဖြန်အတွက် လှလက်ဆောင်” ကဗျာစာအုပ်ဖြင့် အမျိုးသား စာပေဆု (ကဗျာ) ချီးမြှင့်ခြင်းခံခဲ့ရသည်။
တေးဂီတနယ်ပယ်တွင်လည်း ၁၉၅၂ ခုနှစ်မှစတင်၍ ရေဒီယိုတေးသီချင်းများ၊ ရုပ်ရှင် တေးသီ ချင်းများ၊ ရောင်းတန်းဓာတ်ပြားသီချင်းများ ရေးသားခဲ့သူဖြစ်သည်။ ဆရာကြီး၏ အထင်ရှားဆုံး တေးသီချင်းမှာ တိမ်တမန်သီချင်းဖြစ်သည်။ ဆရာကြီးသည် ၁၉၅၂ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အတွင်းတွင်လည်း တက္ကသိုလ် တေးယဉ်ယဉ်၊ အပျော်တမ်း တူရိယာအဖွဲ့နှင့် ဂီတဉ္ဇလီတူရိယာအဖွဲ့ ဖွဲ့စည်း၍ မြန်မာ့အသံမှ ရေဒီယိုတေးသီချင်းများ ရေးသား ဖျော်ဖြေတင်ဆက်ခဲ့သူဖြစ်ပြီး သီချင်းများစွာကိုလည်း ကိုယ်တိုင်သီဆိုခဲ့သူ တစ်ဦးဖြစ်သည်။
ဆုရရှိမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ဆရာကြီးက “အခုလို ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရတာ အလွန်ပဲ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော်က အသက် ၁၆ နှစ်ကတည်းက စာတွေစရေးဖြစ်ခဲ့တာ။ ပြောရရင် ရှစ်တန်း၊ ကိုးတန်းလောက် ကတည်းကပေါ့။ စာပေနဲ့ပတ်သက်လို့ ပြောရရင် ကဗျာတွေ စတင် ရေးဖြစ်ခဲ့တာများပါတယ်။ နောက်တော့မှ ဘာသာ ပြန် ဝတ္ထုကို ရေးဖြစ်ခဲ့တာ။ ကဗျာကတော့ အတော်များများရေးဖြစ်ခဲ့တယ်။ စာပေအနုပညာနဲ့ ပတ်သက်လို့ကတော့ အခုအသက် ၉၀ နီးပါးဖြစ်တဲ့ အချိန်ထိ စိတ်အားထက်သန်စွာနဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ဆောင်ရွက်နေပါသေးတယ်” ဟု ရင်ဖွင့်ပြောကြားသည်။
ဦးစိန်လှိုင် (သူရဇော်)
အမျိုးသားစာပေတစ်သက်တာဆုရှင်
“အခုလို ကျွန်တော့်အနေနဲ့ အမျိုးသားစာပေ တစ်သက်တာဆုရတဲ့အတွက် ၁၈ နှစ်သားမှစလို့ ကဗျာကို အစွမ်းကုန်လေ့လာရေးဖွဲ့ခဲ့ပြီး ဘဝတစ်လျှောက် ကဗျာကိုအခြေခံတဲ့ စာပေတွေရေးသားခဲ့ရကျိုး၊ စာပေကိစ္စ အဝဝကို ယခုအသက် ၈၀ကျော်သည်အထိ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ရကျိုးနပ်ပြီလို့ ခံယူမိတယ်။ လတ်တလောမှာလည်း ကလောင် နှစ်မျိုးနဲ့ ကဗျာတွေ၊ စာတွေရေးသားနေဆဲဖြစ်ပြီး နောင်မှာလည်း စာရေးနိုင်သေးသရွေ့ ကလောင်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ စာပေဆိုတာ လေ့လာလိုက်စားလို့မကုန်ခန်းနိုင်တဲ့ ရတနာတစ်မျိုးလို့ ခံယူထားပါတယ်။ အနာဂတ် လူငယ်တွေအနေနဲ့ပြောရရင် စာပေသည်သာ ဘဝရဲ့ မီးရှူးတန်ဆောင်လို့ သဘောပိုက်ပြီး ဖတ်ရှုလေ့လာခြင်း၊ ရေးသားခြင်းတွေ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်အကျိုးကို သယ်ပိုးထမ်းရွက်နိုင် ပါစေလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။
ဆရာကြီးအား မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် တွံတေးမြို့နယ် ဟံသာဝတီခရိုင် ကင်းရွာ ကျေးရွာ၌ အဖ ဦးအောင်ခင်- အမိ ဒေါ်စိန်ပုတို့က မွေးဖွားခဲ့သည်။ ဆရာကြီးသည် ၂၀၁၉ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေစာပေဆု (ကျမ်းစာပေ) ပထမဆုကို စာမရီ စာမူဖြင့် ရရှိခဲ့သည်။ ဆရာကြီးသည် စာပေနှင့် ပတ်သက်၍ စာအုပ်ပေါင်းမြောက်မြားစွာ ရေးသား ခဲ့သူဖြစ်ပြီး ယနေ့တိုင် စာပေသည်သာ အသက်ဟု ထင်မှတ်ကာ လူငယ်များကို မီးမောင်းထိုးပေးနေသူ တစ်ဦးလည်းဖြစ်သည်။
ဒေါ်ချိုချိုတင်(မစန္ဒာ)
အမျိုးသားစာပေတစ်သက်တာဆုရှင်
ဆရာမကြီးအား ၁၉၄၇ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် ဖခင် ဦးထွန်းတင် (စာရေးဆရာ မန်းတင်)၊ မိခင် ဒေါ်သန်းတင်တို့က မွေးဖွားခဲ့သည်။ မြို့မ အမျိုးသမီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် စက်မှုတက္ကသိုလ်တက်ရောက်ခဲ့ကာ ၁၉၇၁ ခုနှစ်တွင် ဗိသုကာဘွဲ့ရရှိခဲ့သည်။ ၁၉၆၅ ခုနှစ်၌ ငွေတာရီမဂ္ဂဇင်းတွင် ပါဝင်ခဲ့သော ကျွန်မ ဆရာမ ဝတ္ထုတိုဖြင့် စာပေလောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သော ငယ်သူမို့မသိပါ ကို ရေးသားခဲ့သည်။
ယခုရရှိသော အမျိုးသားစာပေ တစ်သက်တာ ဆုနှင့်ပတ်သက်၍ ဆရာမကြီးက “တစ်သက်တာ စာပေဆုဆိုတာ ကိုယ်တစ်သက်လုံး နှစ်ပေါင်းများစွာ ရေးသားခဲ့တဲ့ စာတွေအပေါ်မှာ အကဲဖြတ်ပြီး ရွေးချယ်တာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိတယ်။
တိုင်းပြည်လည်း အေးချမ်းမယ်၊ ပြည်သူအများလည်း ကျန်းမာပျော်ရွှင်နေကြမယ်ဆိုရင်တော့ ပိုပြီးပျော်ရွှင် မိမှာပါ။ စာပေနဲ့ပတ်သက်လို့ကတော့ လူငယ်တွေ မကဘဲ လူကြီးတွေပါ အားလုံးစာဖတ်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်မကြားဖူးတာက ကံချင်းတူရင် ဉာဏ်ရှိတဲ့သူက သာတယ်၊ ကံနဲ့ ဉာဏ်တူရင် ဝီရိယ ရှိသူက သာတယ်၊ ကံ၊ ဉာဏ်၊ ဝီရိယတူရင် စာဖတ် တဲ့သူကသာတယ်တဲ့။ စာကြည့်တိုက်တွေနဲ့ အင်တာနက်ကို အကျိုးရှိရှိအသုံးချသူများလာရင် ကျွန်မတို့ တိုင်းပြည် အများကြီးတိုးတက်လာမှာပါ”ဟု ပြောကြားသည်။
ဆရာမကြီးသည် ယနေ့တိုင် မဂ္ဂဇင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပေါင်း ၂၀၀ ကျော် ရေးသားခဲ့သူဖြစ်ပြီး လုံးချင်းဝတ္ထု ၁၃ အုပ်နှင့် ဝတ္ထုလတ်များကိုလည်း ရေးသားခဲ့သည်။ မဂ္ဂဇင်းဝတ္ထုတိုများကိုလည်း အမှတ်စာ၉အထိ ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဆရာမကြီး ရေးသားခဲ့သော ဝတ္ထုအချို့နှင့် လုံးချင်းဝတ္ထု အချို့ကို ရုရှား၊ ဂျပန်၊ တရုတ်၊ ဂျာမနီနှင့် ထိုင်းဘာသာများ သို့လည်း သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ပြန်ဆိုခဲ့ သည်။ ၁၉၉၄ ခုနှစ်တွင် ဘဝအိပ်မက် ပန်းအိပ်မက်၊ ၁၉၉၉ ခုနှစ်တွင် ဝတ္ထုတိုများ(၃) ၊ ၂၀၀၂ ခုနှစ်တွင် ဆဋ္ဌဂံ၊ ၂၀၀၆ ခုနှစ်တွင် ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ စာအုပ်တို့ဖြင့် အမျိုးသားစာပေဆု လေးကြိမ်ရရှိခဲ့ပြီးဖြစ်သည်။
ဆရာမကြီး၏ ထင်ရှားသောဝတ္ထုများမှာ ငယ်သူမို့ မသိပါ၊ ဂျီဟောသူ၊ နှင်းဆီ၊ ဘဝအိပ်မက် ပန်းအိပ်မက်၊ အရိပ်နှင့် ဆဋ္ဌဂံတို့ဖြစ်သည်။ လုံးချင်း ဝတ္ထု ၁၃ အုပ်အနက် ၁၁ အုပ်မှာ ရုပ်ရှင်ဇာတ်လမ်း များအဖြစ် ကူးပြောင်းရိုက်ကူးခံခဲ့ရသည်။ လက်ရှိ တွင်လည်း စာရေးဆရာအသင်း၌ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
တွေ့ဆုံမေးမြန်း-မြင့်မိုရ်၊ လင်းရာမ
ဓာတ်ပုံ - မင်းထက်ထက်