Skip to main content

ထန်တလန်မြို့ပေါ်ရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအား PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်

 

နေပြည်တော် နိုဝင်ဘာ ၁၀

   

အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေး ကိစ္စရပ်များအတွက် အလေးထား အသုံးပြုလျက်ရှိသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေ၍ မြို့၊ ရွာများတွင် မနေထိုင်ရဲစေရေး မြို့၊ ရွာများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

 

ထိုအကြမ်းဖက်လုပ်ရပ်များအနက် NUG အကြမ်းဖက်အဖွဲ့၏ ဩဇာခံ အဖွဲ့ဖြစ်သော ဒေသခံ PDF အကြမ်းဖက်အဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲခန့်တွင် ထန်တလန်မြို့၊ အမှတ်(၃) ရပ်ကွက်ရှိ နေအိမ် ၃ လုံး (ကာလတန်ဖိုးငွေကျပ် ၂၈ သိန်းကျော်) ကိုလည်းကောင်း၊ နိုဝင်ဘာ ၉ ရက် ည ၉ နာရီခန့်တွင် နေအိမ် ၁၅ လုံး (ကာလတန်ဖိုးငွေကျပ်သိန်း ၄၈၀ ကျော်) ကိုလည်းကောင်း အကြောင်းမဲ့ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ နိုဝင်ဘာ ၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နယ်မြေခံလုံခြုံရေးစခန်းအား လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ ဈေးဆိုင်တန်း ၆ လုံးနှင့် နေအိမ် ၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

    

အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် ၎င်းတို့၏ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် လေလှိုင်းမှတဆင့် မြှောက်ပင့်သွေးထိုး၍ ဝါဒဖြန့်ချိကာ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ရင်း၍ နိုင်ငံတကာမှ ကူညီထောက်ပံ့ မှုများရရှိစေရန်နှင့် နိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လာစေရန် လုပ်ဆောင်လျက်ရှိရာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိရောက်စွာ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်