တွန်းဇံ နိုဝင်ဘာ ၉
ချင်းပြည်နယ်အတွင်း ကော်ဖီသီးနှံတိုးချဲ့ စိုက်ပျိုးရေးကို Pilot Project အဖြစ် မြို့နယ်ပေါင်း ကိုးမြို့နယ်အနက် လေးမြို့နယ်ဖြစ်သော တွန်းဇံ ကန်ပက် လက်၊ တီးတိန်၊ မင်းတပ်မြို့နယ်တို့ရှိ ကျေးရွာပေါင်းငါးရွာတွင် သမဝါယမအသင်းများဖွဲ့စည်းကာ ကော်ဖီဧက ၂၃၀ တိုးချဲ့စိုက်ပျိုး နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း ဒေသခံအများစုသည် ယခင်ကတောင်ယာလုပ်ငန်းနှင့် အစေ့ထုတ် ပြောင်းကိုသာ အဓိကထား စီးပွားဖြစ် လုပ်ကိုင်ခဲ့ကြရာ ယခုအခါ ကော်ဖီသီးနှံများကို တိုးချဲ့ စိုက်ပျိုး လုပ်ကိုင်စေခြင်းဖြင့် ကော်ဖီစိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်မည် ဖြစ်သည်။ ကော်ဖီ စိုက်ခင်းများ ပြုစုပျိုးထောင်ရာတွင်လည်း လူနှင့်လုပ်အားများ လိုအပ်မည်ဖြစ်၍ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ကျေးလက်နေ မိသားစုဝင်များအတွက် ဝင်ငွေတိုးတက် ရရှိစေခြင်းဖြင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု နည်းပါးလာ မည့်အပြင် စွမ်းဆောင်ရည်မြင့်မားသော သမဝါယမအသင်းများလည်း ပေါ်ထွန်း လာမည်ဖြစ်ကြောင်း ပြည်နယ်သမ ဝါယမ ဦးစီးဌာနမှူး ဦးမြင့်ဇော်ထွန်းထံမှသိရသည်။
ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်ရေးကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပြီးတန်ဖိုးမြှင့် ထုတ်ကုန်များ ဖြစ်သည့် ကော်ဖီမှုန့်၊ ကော်ဖီဝိုင်၊ ကော်ဖီဆပ်ပြာ၊ ကော်ဖီ scrub စသည်တို့ကိုပါ ထုတ်လုပ် နိုင်ရေး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ကော်ဖီစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်နှင့် ကော်ဖီအမှုန့်ကြိတ်စက်များဝယ်ယူနိုင်ရန် အရင်းအနှီးချေးငွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်ချေးငွေမှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေကာလ သုံးနှစ်သတ်မှတ်ကာ ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကန်ပက်လက်မြို့နယ် ချင်းလီတိုင် စက်မှုကုန်ထုတ် သမဝါယမ အသင်းနှင့် တီးတိန် မြို့နယ် ဟိုက်လင်း ဒါးချင်းတောင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းတို့မှ ကော်ဖီများ စိုက်ပျိုးပြီး ကော်ဖီမှုန့်များ ထုတ်လုပ်ကာဒေသတွင်းနှင့် နယ်မြို့များသို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသည်။ နောင်လာ မည့် ၂၀၂၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် လည်း တစ်မြို့နယ်လျှင် ဧက ၃၀ ဖြင့် ကိုးမြို့နယ်တွင် ဧက ၂၇၀ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်