Skip to main content

လှိုင်သာယာမြို့နယ်များ ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

 

ရန်ကုန် နိုဝင်ဘာ ၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ တို့သည် ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာ စက်မှုဇုန်ရှေ့တွင် ဧရာနဂါးကုမ္ပဏီနှင့် မောင်နှမသုံးဖော်ကုမ္ပဏီတို့မှ အကောင်ထည်ဖော် ဆောင်ရွက်နေသည့် မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် စုပေါင်းရုံး မြေဧရိယာ ၁ ဒသမ ၄၃၄ ဧက၊ ခန်းမမြေဧရိယာ ၀ ဒသမ ၄၈ ဧက၊ ဝန်ထမ်းအိမ်ရာမြေဧရိယာ ၃ ဒသမ ၇၂၅ ဧက၊ စိမ်းလန်းမြေဧရိယာ ၁ ဒသမ ၃၅ ဧက၊ ပေ ၄၀ လမ်း ဧရိယာ ၅ ဒသမ ၅၁ ဧက အသုံးပြု တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကား လမ်းမဘေး စက်မှုဇုန် (၂)ရှေ့၌ ရေမြောင်းအရှည်ပေ ၁၃၀၀၀ အတွင်း ပိန်းပင်များ၊ မှော်၊ ဒိုက်၊ အမှိုက် နှင့် မြောင်းချေးတို့ကို ဆယ်ယူရှင်းလင်းမှုနှင့် ရေမြောင်းဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးရေးအတွက် စက်ယန္တရား ထပ်မံ ဖြည့်တင်း ဆောင်ရွက်ရန်နှင့် ယခုရေမြောင်းအပိုင်း ပြီးစီးပါက ဆက်လက်ရှင်းလင်းသွားရန်တို့ကို မှာကြားသည်။

 

သတင်းစဉ်