နေပြည်တော် နိုဝင်ဘာ ၇
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး ၂၄ သန်း doses ကို စာချုပ် ချုပ်ဆိုဝယ်ယူထားသည့်အနက် နောက်ဆုံးအသုတ်(ဆဋ္ဌမအသုတ်) အဖြစ် ကာကွယ်ဆေး လေးသန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ည ၈ နာရီ မိနစ် ၂၀ တွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး စုစုပေါင်း ၂၄ သန်း doses သည် (၆)ကြိမ် ခွဲ၍ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေး လမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများနှင့် ယခင်လက်ကျန်ရှိသော ကာကွယ်ဆေးများကို အသုံးပြု၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ရည်မှန်းဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပေးသွားမည်ဖြစ်သည်။
ထို့အပြင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအတွက်လည်း ကာကွယ်ဆေးများ ထပ်မံ၍ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၁၃ ဒသမ၉သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံ ပြီးစီးသူ ၈ ဒသမ၂၄ သန်းနှင့် ပထမအကြိမ်ထိုးနှံ ပြီးစီးသူ ၅ဒသမ၆၅သန်း ရှိပြီဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၂ ဒသမ ၁၅ သန်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ ။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက်အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
သတင်းစဉ်