ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများ၏အရည်အချင်းက အရေးကြီးသည်။ နိုင်ငံသားကောင်းတစ်ဦး ဖြစ်ရန်အတွက် ဉာဏ်အမြော်အမြင် ရှိရန်၊ မိမိကိုယ်မိမိထိန်းသိမ်းနိုင်ရန်နှင့် အမှားအမှန်ကို ခွဲခြားနိုင်သည့် အသိစိတ်ရှိရန်လိုအပ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်မူ ပျင်းရိခြင်း၊ ကိုယ်ကျိုးစီးပွားဦးစားပေးခြင်း၊ ပါတီစွဲစိတ်ဓာတ်ရှိခြင်းတို့ပင် ဖြစ်သည်။ ယင်းအမူအကျင့်များက နိုင်ငံ သားကောင်းမဖြစ်နိုင်သည့် အမူအကျင့်များပင် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးပါတီများ တစ်ပါတီမက ရှိနေမည်ဖြစ်ပြီး တစ်ပါတီနှင့်တစ်ပါတီ သည်လည်း မူဝါဒ၊ လမ်းစဉ်၊ တွေးခေါ်မြော်မြင် မှုများ ကွဲပြားခြားနား နေကြမည်သာဖြစ်သည်။ သို့ရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံသူ နိုင်ငံသား များ၏လူမှုစီးပွားဘဝများ ကောင်းမွန်ရေးတို့ကို မိမိတို့ ပါတီများ၏ အကျိုးစီးပွားများထက် ပိုမိုဦးစားပေးကြရမည်။ ပြည်သူကို အလုပ်အကျွေးပြုကြရမည်ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် အမျိုးသားအကျိုးစီးပွားထက် ပါတီ၏အကျိုးကို ကျဉ်းမြောင်းစွာ ရှေ့တန်းတင်သည့် အခါတွင် မကောင်းသည့်အကျိုးဆက်များ ဖြစ်ပေါ်လာသည်။ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များက ပါတီစွဲစိတ်ဓာတ်ပြင်းထန်သည့်အပြင် ဉာဏ်အမြော်အမြင်ကင်းမဲ့ခြင်း၊ မိမိကိုယ်မိမိ မထိန်းသိမ်းနိုင်ခြင်းနှင့် အမှားအမှန်ကို ခွဲခြားနိုင်သည့် အသိစိတ်ဓာတ်တို့ ခန်းခြောက်နေခြင်း တို့ကို ပြသလျက်ရှိသည်။ အိမ်ခြေ ၇၀၀ ခန့်ရှိပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံအားပေးသူများ၊ NLD ပါတီထောက်ခံအားပေးသူများ၊ အခြားပါတီ ထောက်ခံသူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ခဲ့ကြသည့်ကာ ပေါင်းကျရွာသည် အစွန်းရောက်အကြမ်းဖက်သူတို့ကြောင့် သွေးချောင်းစီးခဲ့ရသည်။ NUG၊ CRPH အကြမ်းဖက် အဖွဲ့အစည်းတို့၏ သွေးထိုးလှုံ့ဆော် လမ်းညွှန်မှုတို့က တစ်ရွာတည်းနေ တစ်ရေတည်းသောက်သူများ အကြားလူသတ်ပွဲများ ဖြစ်ပေါ်စေခဲ့သည်။ ငါနဲ့မတူ ငါ့ရန်သူဟူသော အယူအစွဲပြင်းထန်စွာဖြင့် ကလေးများ၊ သက်ကြီးရွယ်အို များအပါအဝင် ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်များ၊ စက်များ၊ တဲများ စသည့်သက်မွေး ဝမ်းကျောင်း လုပ်ကိုင်စားသောက်စရာ အရင်းအမြစ်များပါ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ နောက်ဆက်တွဲ သတ်ဖြတ်မှုများ ပေါ်ပေါက်လာဦးမည့်အခြေအနေတွင် သေဘေးမှ ရှောင်တိမ်း ထွက်ပြေးနေကြရသူများ အကူအညီမဲ့နေကြသည်။
ကာပေါင်းကျရွာမှထွက်ပေါ်လာသည့် အကြမ်းဖက်ဘေးဒုက္ခ သည်များ၏အသံမှာ မကြား ယောင်၊ မသိယောင်ဖြင့် လျစ်လျူရှု ခံထားကြရသည်။ ဆရာတော်တစ်ပါးကမနိုင်ဝန်ထမ်း ကယ်ဆယ်ထားရပြီး ခါတိုင်းကြားနေကျမီဒီယာများ၊ အင်န်ဂျီအို/အိုင်အင်န် ဂျီအိုများ၊ သံရုံးများမှအသံများ နှုတ်ဆိတ်နေကြသည်။ သတင်း အချက်အလက်များ မှန် / မမှန် စိစစ်ခြင်း အလျဉ်းမရှိဘဲ ချက်ချင်းဆိုသလို ထွက်လာတတ်သည့်အသံများက ကာပေါင်းကျအရေး တွင်မူ ၎င်းတို့၏ သတင်းအရင်းအမြစ်များထံမှ ဆင်အဖာတစ်ရာနှင့် ပုံပန်းဖျက်ထွက်လာမည့် အချက်အလက်များကို တောင်းခံနေကြ သည်ဟု ယူဆရဖွယ်ပင်ဖြစ်သည်။
ဒီမိုကရေစီကို အလိုရှိသည်မှန်လျှင် ကွဲပြားခြားနားမှုများရှိနေသည်ကို လက်ခံကြရမည် သာဖြစ်သည်။ မိမိနှင့်မတူညီသူများ၊ မိမိကိုမထောက်ခံသူများ၊ မိမိကိုဆန့်ကျင်သူများသည် အနည်းစု အနေဖြင့်လည်းကောင်း၊ အများစုအနေဖြင့်လည်း တည်ရှိနေမည် ဖြစ်သည်။ အကြမ်းဖက်သည့်နည်းလမ်းသည် မှန်ကန်သည့်နည်း လမ်းမဟုတ်သည့်အပြင် အောင်မြင်မှု ရရှိမည့်နည်းလမ်းလည်း မဟုတ်။ နိုင်ငံရေးမတူကွဲပြားမှုကို အကြောင်းပြု၍ တစ်ရွာတည်း နေသူများကို ကလေးများနှင့်သက်ကြီးရွယ်အိုများပါမချန် အုပ်စုဖွဲ့ အနိုင်ကျင့်သတ်ဖြတ်ခဲ့ခြင်း၊ အိမ်ရာများနှင့် ပိုင်ဆိုင်မှုများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းတို့က ကာပေါင်းကျကျေးရွာ၏ သမိုင်းကြောင်းတွင် ဒီမိုကရေစီအမည်ခံ အကြမ်းဖက်လုပ်ရပ်များ၏ သွေးညှီနံ့ ထောင်းထောင်း ထနေသည့် ဖျက်မရသောသက်သေပင် ဖြစ်ပါကြောင်း။ ။