Skip to main content

အေးချမ်းသာယာရေး ငြိမ်းချမ်းရေးဖော်ဆောင်

မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ အေးအတူပူအမျှ စုပေါင်းနေထိုင်ကြသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ယဉ်ကျေးမှုအနုပညာများသည် နှစ်ပေါင်းရှည်ကြာ တည်တံ့ခဲ့သည်။ ထိုသို့ တိုင်းရင်းသားပြည်သူများ စုစည်းညီညွတ်စွာ အတူတကွ နေထိုင်ခဲ့ကြရာမှ ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သွားသော အချိန်တွင် သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ အချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းခဲ့သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်း မရှိသေးသမျှ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးဆက်များကို ပြည်ထောင်စုသားအားလုံး တန်းတူညီမျှ မျှဝေခံစားနိုင်မည့် အခွင့်အလမ်းများ နည်းပါးနေဆဲဖြစ်သည်။ နိုင်ငံတော်အစိုးရ အဆက်ဆက် လက်ထက်များ၌လည်း ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြန့်ပွားရေးနှင့် ထာဝရငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်ခဲ့သော်လည်း အယူအဆစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲများကြောင့် ငြိမ်းချမ်းရေးနှင့်အလှမ်းမနီးခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားပြည်သူများ မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီကို ခုတုံးလုပ်၍ မမှန်မကန်လုပ်ရပ်များကြောင့် ရည်မှန်းချက် ခရီးဝေးနေရသည်။

 

ယနေ့ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းတာဝန်ယူဆောင်ရွက်လျက် ရှိသည်။ အိမ်စောင့်အစိုးရ ဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းရင်းသား ညီနောင်အားလုံး တန်းတူညီမျှခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ငြိမ်းချမ်းရေးကို ဆောင်ရွက်နေစဉ် နိုင်ငံရေးအပြောင်းအလဲဖြစ်လာသော အခါ၌နိုင်ငံ့အာဏာရရှိရေး အတွက် ပြည်ပအားကိုးပြီး တိုင်းပြည်ဖျက်ဆီးရေးကို အားထုတ်လာသည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာသည်။ ၎င်းတို့သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည်။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှု အန္တရာယ်များကို ကြုံတွေ့နေရာ ယင်းတို့ကို ရှင်းလင်း ဖယ်ရှားလျက်ရှိသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို လိုလားလျက်ရှိသည်။ ငြိမ်းချမ်းရေး၏အနှောင့်အယှက်များမှာ လတ်တလောတွင် တည်ငြိမ်အေးချမ်းမှုများကို ဖျက်ဆီးမှု ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာလျှင် ငြိမ်းချမ်းရေးခရီးလမ်းကို တက်လှမ်းနိုင်မည်ဖြစ်သည်။

 

ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးတွင်လည်းကောင်း၊ ငြိမ်းချမ်းရေး တွင်လည်းကောင်း တိုင်းရင်းသားပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ပါရန်တိုက်တွန်းအပ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံကိုပျက်စီးစေလိုသည့် ပြည်တွင်း ပြည်ပ အနှောင့်အယှက်များမှာ များပြားလှသည်။ ရှေ့ဆက်၍ ရင်ဆိုင်ရမည့် နိုင်ငံနှင့် လူမျိုးအပေါ် ကျရောက်လာနိုင်မည့် အခက်အခဲများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများအား ကျော်လွှားနိုင်ရန် တိုင်းရင်းသားပြည်သူများ၏ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် မိမိနိုင်ငံကို မိမိတို့ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏လွတ်လပ် ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးမှုသည် အသက်သွေးခဲဖြစ်သည်။ စည်းလုံးမှုသည် တိုင်းပြည်သာယာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်သည်။

 

သို့ဖြစ်ရာ ငြိမ်းချမ်းခြင်းသည် စည်းလုံးခြင်း၊ ဖွံ့ဖြိုးခြင်းဖြစ်သည်။ ပြည်သူ အားလုံး အလိုလားဆုံး၊ အတောင့်တဆုံးမှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်းကြီးပေါ်ထွန်းမှသာ နောင်မျိုးဆက်များအတွက် ငြိမ်းချမ်းသာယာသော အမွေအနှစ်များကို ထားခဲ့နိုင်မည်။ ငြိမ်းချမ်းရေးကို တိုင်းရင်းသား ပြည်သူအားလုံး အတူလက်တွဲဆောင်ရွက်နိုင်ပါက မိမိတို့အားလုံး မျှော်မှန်းသည့် လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်းကြီး ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။