Skip to main content

အားလုံးပူးပေါင်းပါဝင် အချိုးကျမျှတကိုယ်စားပြု

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အရ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲစနစ် ကျင့်သုံးခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်ပါတီရွေးကောက်ပွဲ စနစ်ကျင့်သုံးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲစနစ်ကျင့်သုံးခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀၊ ၂၀၁၅၊၂၀၂၀ ပါတီစုံရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲများ၏ အားသာချက်၊ အားနည်းချက်များကို အားလုံးသိရှိခဲ့ကြပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီစနစ်ကျင့်သုံးကြသော နိုင်ငံအသီးသီးတို့သည် မဲများသူ အနိုင်ယူ သည့် FPTP စနစ်နှင့် အချိုးကျကိုယ်စားပြုသည့် PR စနစ်ကို ကျင့်သုံးကြသည်။ မြန်မာ နိုင်ငံတွင် ကျင်းပခဲ့သော ပါတီစုံရွေးကောက်ပွဲများကို မဲများသူအနိုင်ယူသည့် FPTP စနစ်ဖြင့် ကျင့်သုံးခဲ့ကြရာတွင် နိုင်ငံအတွက် အကျိုးရှိ/မရှိနှင့် ပါတီများနှင့်မဲဆန္ဒရှင် ပြည်သူများအတွက် အားသာချက် ရှိ/ မရှိတို့ကို လက်တွေ့သိရှိလာခဲ့ကြသည်။ အဆိုပါစနစ်သည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အငြင်းပွားမှုများ၊ မသမာမှုများ တွေ့ရှိခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံနှင့် သင့်ကိုက်ညီမည့်ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများမှကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ၊ မေနှင့် ယခုနိုဝင်ဘာလတို့တွင် သုံးကြိမ်ဆွေးနွေးခဲ့ကြသည်။ ရွေးကောက်ပွဲ သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံတစ်နိုင်ငံတွင် အလွန်အရေးကြီးသော ကနဦးလုပ်ငန်းစဉ်ဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော ဒီမိုကရေစီစံနှုန်းများနှင့်အညီ ရွေးကောက်ပွဲများကို လျော်ညီအောင်ဆောင်ရွက် ရမည်ဖြစ်သော်လည်း FPTP စနစ်အရ အနိုင်ရသူအကုန်ယူနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရာမှ အင်အားကြီး သူအနိုင်ယူမှုနှင့် မဲမသမာမှုများ ပေါ်ပေါက် လာခဲ့သည်။

ထို့ကြောင့် FPTP စနစ်မှ PR စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးညှိနှိုင်းကြသည်။ ကမ္ဘာ့ ရွေးကောက်ပွဲသမိုင်းကြောင်းအရ ပြင်သစ်တော်လှန်ရေး ကာလက PR စနစ်ကို စတင်စဉ်းစားခဲ့သည်ဟု သိရသည်။ ဗြိတိသျှနိုင်ငံရေးဘောဂဗေဒပညာရှင် ဂျွန်စတု ရပ်မီး(လ)က စတင်ဖော်ထုတ်ခဲ့သည်ဟုသိရပြီး စံတော်ဝင်ရွေးကောက်ပွဲစနစ်ဟု ဆိုသော မဲအများဆုံးရသူ အနိုင်ယူစနစ် (First Past the Post- FPTP) ၏အားနည်း ချက်များကိုဝေဖန်သုံးသပ်ရာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ FPTP စနစ်မှာ ပေါက်သူ samico (Winner takes all) သဘောဖြစ်ရာ အများစုနှင့် ဗိုလ်ကျသည်မျိုး (tyranny of majority) ဖြစ်နိုင်၍ ပါတီငယ်များ၊ အထူးသဖြင့် လူမျိုးစုပါတီများ၊ ဘေးရောက် သွားနိုင် (marginalized) သောကြောင့် PR စနစ်ကို အဆိုပြုလာသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် မဲများသူအကုန်ယူသည့်စနစ်ဖြင့် ဖြတ်သန်းလာခဲ့ကြရာ ဤစနစ်ကိုသာ ဒီမိုကရေစီဟု မှတ်ယူကြမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံရေး စနစ်များ ပြောင်းလဲလာမှုအရ ဒီမိုကရေစီနိုင်ငံအများစုသည် မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦးရွေးချယ်သည့်စနစ်မှာ ခေတ်နောက်ကျ၍ တရားမျှတမှုမရှိ သဖြင့် နိုင်ငံများက FPTP စနစ်ကိုငြင်းပယ်၍ PRစနစ်ကို အစားထိုးကျင့်သုံးလျက်ရှိရာ ယခုအခါ ကမ္ဘာပေါ်တွင် PR စနစ်ကိုကျင့်သုံးသည့်နိုင်ငံ ၁၀၀ နီးပါးရှိသည်ဟုသိရ သည်။ မည်သည့်စနစ်တွင်မဆို အားသာချက်၊ အားနည်းချက်တို့ရှိမည်ဖြစ်ရာ FPTP စနစ်၏အားနည်းချက်များကြောင့် မြန်မာနိုင်ငံ၏နိုင်ငံရေးစနစ်မှာ တည်တံ့ ခိုင်မြဲခြင်းမရှိသဖြင့် တိုင်းပြည်တိုးတက်ရေးကို ဖြောင့်ဖြောင့်တန်းတန်းမဆောင် ရွက်နိုင်ဘဲ နောက်ကျခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲစနစ် နှစ်ခုနှင့်ပတ်သက်၍ သတိပြုရမည့်အချက်မှာ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ လွန်ကဲမှုဟူသော အချက်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်သူအကုန်ယူစနစ်သည် ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းရရှိလျှင် ၁၀၀ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်ရရှိသဖြင့် ကျန် ၄၉ ရာခိုင်နှုန်းရှိသည့် အနိုင်မရသူ များမှာ တိုင်းပြည်အတွက် အဟောသိကံဖြစ်သွားရသည်။ အချိုးကျကိုယ်စားပြု စနစ်မှာ လူတိုင်းပါဝင်ခွင့်ရှိလာပြီး ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ပါတီငယ် များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများပါ အခွင့်အရေးရရှိနိုင် သည်။ တစ်ပါတီကြီးစိုးသောစနစ် အားနည်းသွားပြီး အားလုံးအဟောသိကံမဖြစ် တော့သဖြင့် တိုင်းပြည်အကျိုးရှိအောင် ဝိုင်းဝန်းထိန်းညှိ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ပါကြောင်း။

(ကြေးမုံ အယ်ဒီတာ့အာဘော်)