နေပြည်တော် နိုဝင်ဘာ ၅
ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုများဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (Optional Protocol on the Involvement of Children in Armed Conflict-OPAC)ကို လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊ OPAC တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား အသုံးပြုမှု အကာအကွယ် ပေးရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် တားဆီးဆောင်ရွက်ရမည့် ကြီးလေးသော ချိုးဖောက်မှု (Six Grave Violations) ပါ သတ်မှတ်ချက်(၆)ချက် ရှိကြောင်း၊ အဆိုပါ တားမြစ်ချက်ပါအချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ ကာကွယ်တားဆီးခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအား ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရေးဆွဲပြီးဖြစ်ကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ပိုမိုအလေးထားဆောင်ရွက်
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးအသက်သည် (၁၈) နှစ်ဖြစ်ကြောင်း၊ ကလေးများ၏ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် စသော အခြေခံအခွင့်အရေးများကို ပိုမိုအလေးထား ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း UNCRC ပါ အခြေခံမူ(၄)ရပ်သည် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် စံလုပ်ငန်း အစီအစဉ် များဖြစ်ကြောင်း၊ ကလေးများ၏ အကောင်းဆုံး အကျိုးစီးပွားသည် နိုင်ငံတော်၏ အကျိုးစီးပွား ဖြစ်သည့်အတွက် မိဘရပ်ရွာ အသိပညာပေးလုပ်ငန်း များအား ပိုမိုအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်