အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF ၏ RCF/RFI ချေးငွေများနှင့် ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်-
မေး ။ ။ သတင်းမီဒီယာတွေမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်း ၃၇၂ သန်းဟာ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထဲမှာ ပျောက်ဆုံးနေတယ်လို့ ဖော်ပြနေကြပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်း ပေးစေလိုပါတယ်ခင်ဗျာ။
ဖြေ ။ ။ ပထမဆုံးပြောလိုတာကတော့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်၊ IMF တွေရဲ့ ပြောကြားချက်တွေကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါတွေဟာ စိစစ်မှုမရှိဘဲနဲ့ လိုရာဆွဲပြီး ပြောကြားနေတဲ့ဟာတွေလို့ပဲ ပြောချင်ပါတယ်။ ဒီဟာတွေဟာ သူတို့ရေးသားတဲ့အထဲမှာ ဘာတွေ့ရလဲဆိုတော့ ဒီဟာသည် မြန်မာနိုင်ငံကို အထောက်အပံ့ပေးလိုက်တဲ့အရာကို ရေးသား နေတာတွေ့တယ်။ ပထမဦးဆုံးပြောကြားလိုတာက ချေးငွေ ပြန်ဆပ်ရမယ့် ငွေတွေပဲဖြစ်ပါတယ်။
လက်မှတ်ရေးထိုးရယူခဲ့
ဒီဟာနဲ့ပတ်သက်ပြီး သမိုင်းကြောင်းကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေပြီး မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ကာလနဲ့ ဆက်စပ်ပြီးတော့ RCF/RFI ချေးငွေပေါ့။ Rapid Credit Facility (RCF) ရယ်၊ Rapid Financing Instrument (RFI) ရယ်။ အဲ့ဒီချေးငွေတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ရဲ့ ငွေကြေးသုံးစွဲရမယ့် ကိစ္စတွေ နဲ့ စပ်လျဉ်းပြီး နားလည်မှု သဘောတူညီချက်တွေ လက်မှတ်ရေးထိုးရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ နှစ်ကြိမ်ရှိပါတယ်။ နှစ်ကြိမ်ရှိတဲ့အခါမှာ အစိုးရအနေနဲ့ကတော့သူ့ရဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ် ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။
ပထမတစ်ကြိမ်ကတော့ အမေရိကန်ဒေါ်လာ ၃၅၆ သန်း ကို ၁-၇-၂၀၂၀ ရက်နေ့မှာ ဗဟိုဘဏ် မှာရှိတဲ့ အမေရိကန်ဒေါ်လာစာရင်းမှာ လက်ခံခဲ့ပြီး ရရှိတဲ့အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ် ၄၉၀ ဘီလီယံကို ၂-၇-၂၀၂၀ ရက်နေ့မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော်စာရင်းကို ပေးသွင်းခဲ့ပါတယ်။ အခုပြောနေတဲ့ ဒုတိယအကြိမ် ပေါ့၊ အမေရိကန်ဒေါ်လာ ၃၇၂ ဒသမ ၃၉၁ သန်းကိုတော့ ၂၈-၁-၂၀၂၁ ရက်နေ့မှာ ဗဟိုဘဏ်ရဲ့ အမေရိကန် ဒေါ်လာစာရင်းမှာ လက်ခံပြီးတော့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ ကျပ် ၄၉၅ ဒသမ၅၀ ဘီလီယံကို ၂၉-၁-၂၀၂၁ ရက်နေ့မှာပဲ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံတော်စာရင်းကို ထည့်သွင်းထားပါတယ်။ အဲဒီချေးငွေတွေပေါ့နော်။
ခုနကပြောတဲ့ RCF ချေးငွေတွေက ဆိုင်းငံ့ ကာလ ငါးနှစ် ခွင့်ပြုပြီးတော့ ချေးငွေသက်တမ်းက ၁၀ နှစ်ဖြစ်ပါတယ်။ RFI ချေးငွေကတော့ ဆိုင်းငံ့ ကာလ သုံးနှစ်ကျော်ဖြစ်ပြီးတော့ ချေးငွေ သက်တမ်းက ငါးနှစ် ဖြစ်ပါတယ်။ ကျွန်တော် ပြောလိုတာ ပြန်လည်ပေးဆပ်ရမယ့် ချေးငွေတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ အကြားမှာ နားလည်သဘောတူညီချက်တွေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ချေးငွေထုတ်ယူခြင်းအပိုင်းကို သာ ဆောင်ရွက်ပြီးတော့ ချေးငွေသုံးစွဲမှုများနဲ့ စပ်လျဉ်းပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆောင်ရွက်ပါတယ်။
စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ခုနကပြောတဲ့ RFI ချေးငွေဆိုင်ရာ အသုံးစရိတ်တွေနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စာရင်းစစ်ဆေးပြီးစီးမှု အစီရင်ခံစာကို အများ ပြည်သူသိရှိနိုင်ဖို့အတွက် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန Website ဖြစ်တဲ့ www.mopf.gov. mm မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီ website မှာ ဝင်ကြည့်လို့ရပါတယ်။ အဲ့ website မှာ IMF ရဲ့ ခုနကပြောတဲ့ ချေးငွေနဲ့ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနဲ့ COVID-19 Economic Relief Plan (CERP) အတွက် ကျပ်သန်း ၁၀၀ နှင့်အထက်ဝယ်ယူရေးဆိုင်ရာ သတင်းအချက်အလက်တွေကို (၄)ကြိမ်၊ ကိုဗစ်-၁၉ နဲ့ဆက်စပ်တဲ့ အသုံးစရိတ်တွေကို (၃)ကြိမ်နဲ့ အစိုးရဌာန၊ အဖွဲ့အစည်းများရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး၊ ကုစားရေးတို့နဲ့ ဆက်စပ်တဲ့အသုံးစရိတ်တွေကို အသုံးစရိတ်တွေ၊ လုပ်ငန်းစဉ်များနဲ့ စပ်လျဉ်းတဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ နောက်ကျွန်တော်တို့ စတုတ္ထအကြိမ် ထုတ်ပြန်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလအတွင်းမှာ သူတို့အသေးစိတ်အနေနဲ့ ထပ်မံထုတ်ပြန်ပါလိမ့်မယ်။ ပြီးရင် ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီးတော့ နေ့စဉ်အလှူခံရရှိမှုတွေ၊ စာရင်းဖွင့်လက်ကျန်တွေ၊ ဒါတွေကိုလည်း အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိတယ်။ နောက်ဆုံး အခြေအနေဆိုရင် ၂၅-၁၀-၂၀၂၁ ရက်နေ့ကနေ ၂၉-၁၀-၂၀၂၁ ရက်နေ့အထိ စာရင်းဖွင့်လက်ကျန်တွေ၊ ရရှိငွေတွေ၊ စာရင်းပိတ်လက်ကျန်တွေ၊ ပြီးရင် ကျွန်တော်တို့ ဆေးဝယ်ယူမှုစရိတ်တွေကို တင်ထားပြီးဖြစ်ပါတယ်။ ခုနက website မှာ သွားရောက်ကြည့်ရှုလို့ ရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူမှုနဲ့ပတ်သက်ပြီးလည်း အဲ့ထဲမှာ အသေးစိတ် စာရင်းများရှိပါတယ်။
နောက်ဆုံးစာရင်းအနေနဲ့ကတော့ ၂၉-၁၀၂၀၂၁ ရက်အနေ့အထိ ထုတ်ပြန်ခဲ့တဲ့ အထဲမှာ ၂၇-၁၀-၂၀၂၁ ရက်နေ့မှာ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီနောက်ဆုံးအရစ် ပေးချေငွေဆိုပြီးတော့ ကျွန်တော်တို့ ချေထားတဲ့ ငွေကြေးပမာဏလည်း အဲဒီမှာပါဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောလိုတာကတော့ အစိုးရတစ်ရပ်အနေနဲ့ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီး ဒီဟာတွေကို မလေ့လာ ဘဲနဲ့ ထုတ်ပြန်တာတွေ၊ သိရှိလျက်သားနဲ့ မသိကျိုး ကျွန်ပြုပြီး ထုတ်ပြန်တာတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းခြင်း မရှိဘဲနဲ့ ထုတ်ပြန်တာတွေဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်။ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တမင်သက်သက် အနှောင့်အယှက်ဖြစ်အောင်၊ နိုင်ငံတကာအနေနဲ့ တမင်သက်သက် အထင်လွဲအောင် လုပ်ဆောင်နေခြင်းလို့ပဲမြင်ပါတယ်။
ရန်ပုံငွေ အကြိမ်ကြိမ်ထည့်ဝင်ခဲ့
ကျွန်တော်တို့ အစိုးရအနေနဲ့ လုပ်ဆောင်ခဲ့ တာတွေနဲ့၊ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့ တဲ့တာတွေ ပြောပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ တာဝန်ကိုရယူ ထိန်းသိမ်း ခြင်း မပြုမီကတည်းက ကိုဗစ် -၁၉ နဲ့ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။ ပြီးရင် ကျွန်တော်တို့ တပ်မတော်သားတွေအနေနဲ့ တပ်မတော်သား တစ်ဦးချင်းအနေနဲ့ရော၊ တပ်မတော်အရာရှိကြီးတွေအနေနဲ့ရော နိုင်ငံတော်က ထူထောင်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးရန်ပုံငွေမှာ အကြိမ်ကြိမ်ထည့်ဝင်ခဲ့ပါတယ်။ သူတို့လစာငွေထဲကနေ အကြိမ်ကြိမ် ထည့်ဝင်ခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပြောလိုတာက ပြည်သူလူထုပဲဖြစ်ဖြစ်၊ သတင်းမီဒီယာများပဲဖြစ်ဖြစ် ဒီသတင်းတွေနဲ့ ပတ်သက်လာရင် အသေးစိတ် သတင်းများနဲ့ ပတ်သက်လာရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ website တွေမှာ သွားရောက် လေ့လာနိုင်ပါတယ်။ ကြည့်ရှုနိုင်ပါတယ်။ သွားရောက်ကြည့်ရှုပြီး လေ့လာပြီးမှ လုပ်ဆောင်တာက ပိုပြီးတော့ အကျိုးဖြစ်ထွန်းစေမယ်လို့ ပြောချင်ပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ ဇူလိုင်လအတွင်းက ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိသူ ၄၀ ရာခိုင်နှုန်းကျော် အထိတွေ့ရှိခဲ့ပါတယ်။ အခု တာဝန်ရှိသူများလည်း ပြောပြီးဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ၄ ရာခိုင်နှုန်းအောက် ရောက်ရှိပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေဟာ ဘယ်လောက်ထိ ထိရောက်ကြောင်းကို လက်တွေ့ မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့လည်း အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွေမှာ ယခင်ကလိုပဲ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။
ကျေးဇူးတင်ပါတယ်။