နေပြည်တော် နိုဝင်ဘာ ၅
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် နေပြည်တော်တပ်ကုန်းအမှတ် (၂)ကားလမ်းဘေး ဖိုးဇောင်းတောင် သစ်တောကြိုးဝိုင်းအတွင်းရှိ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ပုဗ္ဗသီရိ အမှိုက်ကျင်း (၁) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နေပြည်တော်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများမှ ထွက်ရှိသော ဘေးအန္တရာယ်ရှိ စွန့်ပစ်အမှိုက်များကို မီးရှို့ဖျက်ဆီးသည့်စနစ် ဆောင်ရွက်ရန်အတွက် ပုဗ္ဗသီရိအမှိုက်ကျင်း(၁)တွင် ဆောင်ရွက်နေသော INCINER8 M-250 Medical Incinerator with Autoloader မီးရှို့စက်အမျိုးအစား တည်ဆောက် တပ်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများက စက်လည်ပတ် အသုံးပြုမှုစနစ်နှင့် နေ့စဉ်စွန့်ပစ်အမှိုက် မီးရှို့ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယ မြို့တော်ဝန်က အဆိုပါ စက်အား ရေရှည်တည်တံ့စွာ စနစ်တကျ ကိုင်တွယ်အသုံးပြုရန် မှာကြားကာ ပုဗ္ဗသီရိအမှိုက် ကျင်း(၁)တွင် မြေသား ဖုံးအုပ်စနစ်ဖြင့် အမှိုက်စွန့်ပစ် ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။
အဆိုပါ ပုဗ္ဗသီရိ အမှိုက်ကျင်း(၁)တွင် နေပြည်တော်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်နှင့် ဈေး ၂၂ ဈေးတို့မှ နေ့စဉ်ထွက်ရှိသည့် အမှိုက်တန်ချိန် ၂၄၀ခန့် စွန့်ပစ်လျက်ရှိပြီး စွန့်ပစ်အမှိုက်များအား အလွှာလိုက် နေ့စဉ်မြေသားဖုံးအုပ်စနစ်ဖြင့် ယန္တရား များအသုံးပြုကာ စနစ်တကျဆောင်ရွက်လျက်ရှိ သည်။ အမှိုက်ကျင်းမှထွက်ရှိသည့် ရေဆိုးများကို စနစ်တကျ ပြုပြင်စွန့်ထုတ်လျက်ရှိကာ ၎င်းရေများ သည် ရေဆိုးများစီးဆင်းသည့် လမ်းကြောင်းတစ်လျှောက် ရေလှောင်ကန်များ အဆင့်ဆင့်တူးဖော် ထားပြီး ရေကိုသဘာဝနည်းဖြင့် သန့်စင်ကာ လူနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်မရှိစေရေး စီမံဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိနှင့် ဘေးအန္တရာယ်ရှိ/မရှိကို တစ်နှစ်လျှင်(၂) ကြိမ် ဓာတ်ခွဲစမ်းသပ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်