Skip to main content

ပြည်သူများဘဝလုံခြုံရေး စောင့်ရှောက်ကာကွယ်ပေး

ယခု နိုဝင်ဘာလ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းများပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်လိုက်သဖြင့် ပညာရေးအခွင့်အလမ်းများ ရလာခဲ့သည်။ ပညာနှင့်ဝေးခဲ့သော ကျောင်းသား ကျောင်းသူလေးများ အကျိုးများစွာဖြစ်ထွန်းသည်။ ပညာသင်ကြားခြင်းသည် မင်္ဂလာတရားနှင့်အညီ ဘဝတိုးတက်ရေးဖြစ်၍ အားလုံးဝမ်းသာကြိုဆိုကြသည်။

သို့သော် နိုဝင်ဘာလ ၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိအမှတ်(၃၅) အထက်တန်းကျောင်းနှင့် ထိုနေ့ညက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဆင်မကော်ကျေးရွာ အလယ်တန်းကျောင်းတို့ကို အကြမ်းဖက် အဖျက်သမားများက လက်လုပ်ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့သည်။ အလားတူ နိုဝင်ဘာလ ၃ ရက်နေ့တွင် ရောဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဖိုးကြာကုန်းကျေးရွာရှိ မူလတန်းလွန်ကျောင်းနှင့် နိုဝင်ဘာလ ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ဆင်ကျွန်းကျေးရွာ မူလတန်းကျောင်းတို့ကို အကြမ်းဖက်အဖျက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်။

အသိဉာဏ်မဲ့သည့် အဖျက်သမားများသည် မိမိတို့၏ သားငယ်၊ သမီးငယ်။ ညီငယ်လေးများ ဘဝတိုးတက်မည့်ပညာသင်ကြားရေးကို ဖျက်ဆီးခြင်းသည် အလွန်ဆိုးညစ်ယုတ်မာမှုကို ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့သောအမှုပြုလုပ်ခြင်းကို မည်သည့်လူ့အသိုင်းအဝိုင်း၊ အဖွဲ့အစည်းကမျှ လက်ခံနိုင်ခြင်းမရှိပေ။ ထိုသို့ပြုလုပ်ခြင်းကို အများပြည်သူတို့က ကန့်ကွက်ရှုတ်ချ အပြစ်တင်လျက်ရှိပြီး စာသင်ကျောင်းများဖျက်ဆီးကြသော အကြမ်းဖက်အဖျက်သမားများအား ဝိုင်းဝန်းတိုက်ဖျက်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။ အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသူများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလွန်စက်ဆုပ်ဖွယ်ကောင်းသော ယုတ်မာကောက်ကျစ်သည့် မကောင်းမှုကို ပြုလုပ်သောသူများသည် ပတ်ဝန်းကျင်လောကမှ ခါးသီးမုန်းတီးလျက်ရှိပြီး ဤပစ္စုပ္ပန်ဘဝ၌လည်း စိုးရိမ်ပူပန်နေရသည်။ နောင်တမလွန်ဘဝ၌လည်း စိုးရိမ်ပူပန်နေရမည် ဖြစ်သည်။ လက်ရှိကာလတွင်လည်း ရာဇဝတ်ဘေးပြေးမလွတ် ဆိုသကဲ့သို့ ဖမ်းဆီးချုပ်နှောင် အပြစ်ပေးအရေးယူခြင်းခံရပေမည်။ ၎င်းတို့ပြုလုပ်သော အကုသိုလ်ကံကြမ္မာသည် ယခုဘ၀၊ နောက်ဘဝ ဆင်းရဲဒုက္ခများ မလွဲမသွေ ပြန်လည်ခံစားကြရမည်ဖြစ်သည်။ ယခုပြုလုပ်မှုသည် စာသင်ကျောင်းနှင့်ပတ်ဝန်း ကျင်ကို ထိခိုက်မှုဖြစ်ပြီး ရှေ့ဆက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား ရေးကို ထိခိုက်မှုရှိလာပါကပြည်သူအားလုံးကလည်း ခွင့်မလွှတ်၊ ဥပဒေအရလည်း ထိထိရောက်ရောက် တုံ့ပြန်ခြင်းခံရမည်ဖြစ်သည်။

အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက် အဖျက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လမ်း၊ တံတားနှင့် အဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီး၊ မီးရှို့မှုများကို ပြုလုပ်လျက်ရှိသည်။ ထို့အပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ နိုင်ငံတော်နှင့်ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီး၊ ဖောက်ခွဲ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများအား ဒလန်သတင်းပေးဟုစွပ်စွဲ၍ အကြောင်းမဲ့သတ်ဖြတ်မှုများပြုလုပ်လျက်ရှိသည်ကို အားလုံးမြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ယခုအခါ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်လိုက်၍ ကျောင်းသား ကျောင်းသူ၊ ကလေးသူငယ်၊ လူငယ်လူရွယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေစဉ် ယုတ်မာ ပက်စက်သိမ်ဖျင်းသေးနုပ် သောအကြံအစည်ဖြင့် ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုဖြစ်လာစေရန်ရည်ရွယ်၍ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းတို့ကို ဦးတည်ပြုလုပ်လာသည်။  

ထိုသို့ ယုတ်မာပက်စက်သည့် အကြမ်းဖက်လုပ်ရပ်များသည် မည်သည့်နိုင်ငံတွင်မျှ ပြုလုပ်လေ့မရှိဘဲ ပြုလုပ်ပါကလည်း မည်သည့်နိုင်ငံကမျှ လက်မခံဘဲ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ မြန်မာနိုင်ငံမှ အသိမဲ့အကြမ်းဖက်သမားများ၏ ယုတ်မာပက်စက် မှုများကို ပြည်သူများအားလုံးက သိမြင်လာကြပြီး အကြမ်းဖက်မှုမှန်သမျှကို လက်မခံ ဆန့်ကျင်တိုက်ဖျက်လို စိတ်များဖြစ်ပေါ်လျက်ရှိသည်။ အမှန်တကယ်တွင် အကြမ်းဖက် အဖျက်သမားများသည် ပြည်သူများ အကြောက်တရားကြီးမားလာအောင် အတင့်ရဲခြိမ်းခြောက် နေခြင်းဖြစ်ပြီး ယခုအခါလုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်အဖျက်သမားများကို ထိထိ ရောက်ရောက် ရှာဖွေတိုက်ဖျက်နှိမ်နင်းလျက်ရှိသဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးသာမက ပြည်သူများဘဝလုံခြုံရေးကို စောင့်ရှောက်ကာကွယ်ပေးလျက် ရှိပါကြောင်း။    ။