Skip to main content

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို လိုက်နာ

ပြီးခဲ့သည့်လက ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အာဆီယံမူ၊ အာဆီယံပဋိညာဉ်ကို ကျော်လွန်ကာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆိုမှုများသည် အစဉ်အလာကောင်းသော အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အာဆီယံဗဟိုပြုမှု၊ အာဆီယံလမ်းကြောင်းကို ထိပါးနေပြီဟုပင် သံသယဖြစ်ဖွယ် စဉ်းစားဖွယ်ဖြစ်နေသည်။

အာဆီယံနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်း အနားတွင် အထူးဧည့်သည်တော်အဖြစ် “ယခုလို ASEAN centrality, Unity, Way တွေအပေါ်ကျော်လွန် ဆောင်ရွက်လာတာဟာ မြန်မာနိုင်ငံတစ်ခုတည်း ပေါ်မှာသာ သက်ရောက်မှာ မဟုတ်ဘဲကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အချိန်ကာလတစ်ခု၊ အခြေအနေ တစ်ခုခုတို့တွင် ယခုလိုပဲ အာဆီယံအသိုက်အဝန်းတွေရဲ့ လိုရာဆွဲစီမံ ဆောင်ရွက်ခံရမှု၊ တွန်းအားပေး ခံရမှုနဲ့ သပ်လျှိုမှုများကိုလည်း စည်းလုံးညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင် ပါကြောင်း၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံများအချင်းချင်း မျက်နှာထက် ကျော်လွန်ကြည့်ရတဲ့ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သတိပြုစေလိုပါတယ်” ဟု ဗီဒီယိုမိန့်ခွန်းပေးပို့ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသို့ အာဆီယံအထူးကိုယ်စားလှယ်လာရောက်ရေးကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုများနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်နေရသော ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ဆုံခွင့် တောင်းဆိုချက်များပါ တောင်းဆိုလာခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော် အစဉ်အလာကောင်းများဖြင့် ရပ်တည်လာခဲ့သော အာဆီယံအဖွဲ့အစည်းကြီးသည် သူတစ်ပါး နိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ စည်းလုံးညီညွတ်စွာ ရပ်တည် ခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ အာဆီယံမူ၊ အာဆီယံ ပဋိညာဉ်များအတိုင်း ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူ၊ အာဆီယံမိသားစု စိတ်ဓာတ်များဖြင့် လက်တွဲခဲ့သည်။ ယခုအခါ အာဆီယံအတွင်း သွေးခွဲသပ်လျှိုမှု၊ ဖိအားပေးခံရမှုတို့ကြောင့် အစဉ်အလာကောင်းသည့် အာဆီယံမူကို မျက်ကွယ်ပြု၍ ဘက်လိုက်မှုများပြုလုပ်လာသည်ကို တွေ့ရသည်။

အာဆီယံအထူးကိုယ်စားလှယ်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ ဂျကာတာအစည်းအဝေးတွင် မြန်မာနိုင်ငံ အတွက် အာဆီယံသဘောတူညီချက် (၅) ရပ်အပေါ် ပြည်တွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများ နှင့်ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်းစားပေးသွားမည်၊ ပြည်တွင်းတည်ငြိမ် မှုအပေါ်မူတည်၍ အာဆီယံ၏အဆိုပြုချက်များ ခရီးစဉ်များကို စဉ်းစားသွားပါမည်။ အာဆီယံ၏ အပြုသဘော ပါဝင်ကူညီပံ့ပိုးလိုမှုနှင့်စပ်လျဉ်း၍ အာဆီယံပဋိညာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံ စိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံ့ကောင်းကျိုး အတွက် စဉ်းစားပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးဖြစ်သည်။ အာဆီယံအား အဆိုပါသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီးဖြစ်သော်လည်း ယခုအခါ အာဆီယံမူ၊ ပဋိညာဉ်နှင့် သွေဖည်သွားသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ မည်သည့်နိုင်ငံမျှ၎င်းနိုင်ငံ၏ တည်ဆဲဥပဒေ ကိုကျော်လွန်၍ ဆောင်ရွက်ပေးမည်မဟုတ်ပေ။ ယင်းအချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများတွင် ချန်လှပ်ခဲ့ခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပြည်သူအားလုံး၏ဆန္ဒနှင့် မျှော်လင့်ချက်ဖြစ်သည့် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင် တည်ဆောက်နိုင်ရေး အတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်လာစေရေးအတွက် အခြေခံလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည်။ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုများရရှိအောင် တရားဥပဒေစိုးမိုးရေး၊ တည်ဆဲ ဥပဒေများ လေးစားလိုက်နာရေးစသည့် အလေ့အထကောင်းများဖြစ်ထွန်းအောင် နိုင်ငံတော် အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) တို့ကို ချမှတ်လုပ်ဆောင်လျက်ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက်လိုက်နာကျင့်သုံးလျက် ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနှင့် ညီညွတ် မျှတသည့် နိုင်ငံတကာဥပဒေများကို အခြေခံပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ကမ္ဘာ့နိုင်ငံများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။