နေပြည်တော် နိုဝင်ဘာ ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမအမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ် 19 ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေ စေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို ဖော်ထုတ်ပြသရန် ရည်ရွယ်၍ နေပြည်တော်ရှိ အနုပညာဦးစီးဌာန လေ့ကျင့်ရေး ဇာတ်ရုံ၌ “ရွှေမြန်မာ” အငြိမ့်ခန်းအစီအစဉ်(၂)ကို ဇာတ်တိုက်လေ့ကျင့်လျက်ရှိရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးအေးထွန်း၊ ဦးထွန်းအုံ တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လေ့ကျင့်ဇာတ်တိုက်မှုအပေါ် လိုအပ်သည် များ မှာကြားပြီး “ရွှေမြန်မာ” အငြိမ့်အဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ “ရွှေမြန်မာ” အငြိမ့်ခန်းအစီအစဉ်(၂)တွင် ခေါင်းဆောင်မင်းသမီး ရွှေတံဆိပ်ဆုများရှင် ဆောင်းနှင်းဝေဝေ၊ ရှေ့ထွက်မင်းသမီး အေးချမ်းငြိမ်းတို့နှင့်အတူ လူရွှင်တော်များ ဖြစ်ကြသည့် အာဗြဲ၊ ရောင်နီ၊ ဝမ်းတူးနှင့် လမုန့်တို့ ပါဝင်၍ အငြိမ့်သမားစဉ်တေးသီချင်းများကို ဂီတဝိဇ္ဇာ ရွာစား အောင်ဝမ်းတူးက ရေးဖွဲ့သီကုံး၍ ရွာစားနိုင်လင်းဗိုလ် ဆိုင်းအဖွဲ့က တီးခတ်ပံ့ပိုးထားပြီး ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်