Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် နိုဝင်ဘာ ၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူ များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် သီပေါမြို့ တို့၌ ဒေသခံပြည်သူ ၃၀၅ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၁၅ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၃၆၁၆ ဦး၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်၌ ဒေသခံပြည်သူ ၂၃၅၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၈၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၀၇၈၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ဒေသခံပြည်သူ ၈၃၁၁ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်မှ ဒေသခံပြည်သူ ၇၈၄၀ ဦး တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပ မြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၁၁၃၈ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၀၃၂ ဦးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၅၀၉ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်