Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကာလတို ကာလရှည် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ ကူညီပံ့ပိုးပေးနိုင်မှုဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၃

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မန္တလေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် ကာလတို ကာလရှည် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ၊ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီ ပေးနိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ပြည်ထောင်စုဝန်ကြီး ဌာနအပိုင်းနှင့် တိုင်းဒေသကြီး အစိုးရအပိုင်းတို့မှ ကူညီပံ့ပိုးပေးနိုင်မှုကို ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကုလားမကြီးကျေးရွာရှိ ပုဂ္ဂလိက နို့စားနွား မွေးမြူရေးခြံ၏ ဖရီရှန် နွားမျိုးများ မွေးမြူ ထားရှိမှုနှင့် ကျွဲ၊ နွား ကူးစက်ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မေထုံမဲ့ သားစပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စံချိန်စံညွှန်းမီ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

ထိုမှတဆင့် ကျောက်တံခါး၊ တောင်ရေ၊ ကြက်မောက်တောင် ရေလှောင်တမံများ၏ ဆက်သွယ် မြောင်းဥမင်ကိုလည်းကောင်း၊ ကြက်မောက်တောင် ရေလှောင်တမံ ရေဝင်ရောက်မှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေးနှင့် အခြားလျာထားသီးနှံများ စိုက်ပျိုးရေ ဖူလုံစွာ ပေးဝေရေး၊ နိုင်ငံတဝန်းရှိ ရေလှောင်တမံ အများစု၏ ယခုနှစ်ဝင်ရေ စုဆောင်းရရှိမှုမှာ ယမန်နှစ်များကထက် ပိုမိုတိုးတက် စုဆောင်းထားနိုင်လျက်ရှိမှုအပေါ် အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ရေစီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်