Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သမဝါယမအသင်းစုချုပ်ပိုင် နို့ချက် စက်ရုံ သို့ ရောက်ရှိပြီး ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် စက်ရုံအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များ မြန်ဆန်စွာ တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်ကြစေလိုကြောင်း၊ ယင်းတို့ကိုအခြေခံသော မည်သည့်စီးပွားရေး လုပ်ငန်း မျိုးကို မဆို အသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ကြမည်ဆိုပါက အားပေးကူးညီသွား မည်ဖြစ်ကြောင်း၊ ဆောင်ရွက်လိုသည့် လုပ်ငန်း များကို စနစ်တကျအစီအစဉ်ရေးဆွဲ တင်ပြလာမည်ဆိုပါက လိုအပ်သည်များကို အချိန်တိုအတွင်း ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ နို့ချက်စက်ရုံအား ပြန်လည်လည်ပတ်ရာတွင် စက်ရုံကို ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးဦးသို့ အပြတ်ငှားရမ်း လုပ်ကိုင်စေခြင်းထက် သမဝါယမအသင်းစုချုပ်နှင့် လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း၊ သို့မှသာ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေသော ကာလအတွင်း လိုအပ် သည်များ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)