Skip to main content

တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃

တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် မဖြစ်မနေလိုအပ်သော အချက်တစ်ချက်ဖြစ်၍ နောက်ထပ် အဆင့်တစ်ဆင့်အဖြစ် တက္ကသိုလ်၊ ကောလိပ်/ ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီစဉ်လျှက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက် ရှိရာတွင် ရောဂါကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့ကျစေရေး၊ နိုင်ငံတော်၏ စီးပွားရေး အမြန်ပြန်လည်ကောင်းမွန်စေရေးနှင့် ပညာရေးတွင် နှောင့်နှေးမှု မရှိစေရန်အတွက် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ကောလိပ်/ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ် နိုင်ရေး အတွက် ရည်ရွယ်ပါကြောင်း။

တက္ကသိုလ်နှင့်ကောလိပ်ကျောင်းများ မကြာခင်ဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်နေခြင်းကြောင့် တက္ကသိုလ်နှင့်ကောလိပ်များ တွင် မှတ်ပုံတင်ထားသော ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအမြန်ဆုံး ထိုးနှံနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ ပြီးသူပေါင်း (၇ ဒသမ ၃) သန်း၊ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီး သူပေါင်း (၆ ဒသမ ၁) သန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း (၁၃)သန်းကျော်ရှိပြီ ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် တက္ကသိုလ်၊ ကောလိပ်/ ဒီဂရီ ကောလိပ်များတွင် စာရင်းပေးသွင်း တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေး ထိုးနှံပေးမည်ဖြစ်ပြီး အနီးကပ် သင်တန်းစတင်တက်ရောက်မည့် အဝေးသင် ကျောင်းသား/ ကျောင်းသူ များကိုပါ ထိုးနှံပေးမည် ဖြစ်ပါကြောင်း။

သက်ဆိုင်ရာတက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများဆိုင်ရာ အချက်အလက်များကို ကာကွယ်ဆေးထိုးနှံခြင်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (VMIS) တွင် ကြိုတင်ထည့်သွင်းခြင်း (pre-registeration) ကိုအချိန်မီ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်မှ အချို့ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊ ပုဂ္ဂလိကကုမဏ္ဍီဝန်ထမ်း ဖြစ်ပါက ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံခြင်း ခံယူပြီးသူဖြစ်နိုင်ပါ၍ စာရင်းမထပ်စေရေးနှင့် ကာကွယ် ဆေးထပ်မံမထိုးမိစေရေး သေချာစိစစ်ရမည် ဖြစ်ပါကြောင်း။

ကာကွယ်ဆေးထိုးနှံမည့်နေရာများအနေဖြင့် တက္ကသိုလ်/ကောလိပ်များတွင် ဆေးထိုး စုရပ်များ စီစဉ်ထားရှိမည်ဖြစ်ပါကြောင်း၊ ဆေးထိုးနှံမည့် အချိန်ကာလနှင့်ပတ်သက်၍ တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်ကျောင်းများ ဖွင့်မည့်ရက်ပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးပါသော နှီးနွယ်ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနှင့်နည်း ပညာဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စီမံချက်မန်နေဂျာ (ဗဟိုတိုးချဲ့ ကာကွယ် ဆေးထိုးလုပ်ငန်း) က ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်နှင့်ပတ်သက်၍ လည်းကောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာနမှူးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မကူးစက်)တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအတွက် ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ် (VMIS) တွင် စာရင်းရေးသွင်းခြင်းနှင့် ပတ်သက်၍လည်းကောင်း၊  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသီးသီး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်တစ်ခုချင်းအလိုက် အသေးစိတ် ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)