နေပြည်တော် နိုဝင်ဘာ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတက္ကသိုလ် အင်းဝဆောင်ခန်းမ၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်တင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် အိမ်စောင့်အစိုးရ အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးကဏ္ဍ မြင့်မားရေးအတွက် တက္ကသိုလ်/ ကောလိပ်ကျောင်းများကို အရည်အသွေးရှိအောင် ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်များကိုလည်း စနစ်တကျ အဆင့်မြှင့် တင်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ သင်ကြားသင်ယူရေးနှင့် သုတေသနလုပ်ငန်း များကို အထောက်အကူပြုစေရန် တက္ကသိုလ် စာကြည့်တိုက်များတွင် စာကြည့်တိုက်မှူး၊ လက်ထောက်စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက် အရာထမ်း အမှုထမ်း များ ပြည့်စုံအောင် ခန့်ထားရေး၊ စာအုပ်စာတမ်းများ၊ ပရိဘောဂများ ပြည့်စုံစွာဖြည့်တင်းရေး၊ ဒီဂျစ်တယ် စာကြည့်တိုက်စနစ်သို့ အဆင့်ဆင့် ကူးပြောင်းရေးနှင့် စာဖတ်သူများ၊ စာငှားသူများ စာကြည့်တိုက်ကို စိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပြီး လိုအပ်သောရန်ပုံငွေများကို ဖြည့်ဆည်း ပေးလျက်ရှိပါကြောင်း၊ မကြာမီ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေ လိုပါကြောင်း၊ အသစ် ခန့်အပ်သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမများကို နိုဝင်ဘာ ၈ ရက်မှ စတင်ကာ တာဝန် ကျရာ တက္ကသိုလ်အသီးသီးတွင် သင်ပြနည်းဆိုင်ရာ ပညာရေး ဘာသာရပ် ၃ ခုနှင့် ဌာနတွင်း ဘာသာရပ် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချပေးရာတွင်လည်း စေတနာထား၍ လေ့ကျင့် ပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ရာထူးအဆင့်ဆင့်တွင် ရာထူးတိုးမြှင့်ခန့်ထား ပေးလျက်ရှိရာ ရာထူးအလိုက် ရှိသင့်သော အရည်အသွေးကောင်းများကို အမြဲမပြတ်ဆည်းပူး လေ့လာမြှင့်တင် နေကြရမည်ဖြစ်ပါကြောင်း၊ သုတေသနသုံး၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်း များ ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရေးအတွက် ရန်ပုံငွေများ တောင်းခံကာ ဆက်လက် ပံ့ပိုးပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရာထူးတိုးမြှင့်ခန့်ထားသော ဆရာ ဆရာမများနှင့် အသစ် ခန့်ထားသော နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)