Skip to main content

ကျောက်ကြီးမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းမှု အခမ်းအနား ကျင်းပပြုလုပ်

ကျောက်ကြီး နိုဝင်ဘာ ၃

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ကွင်းအမှတ်(၇၀ (ခ)ဦးပိုင်အမှတ်(၅၆ /၄) ရွာကြီးအင်းကွင်း၊ ဧရိယာ (၆.၅၈) ပေါ်ရှိ ဒသမ(၁၀) ဧရိယာ တောင်သူ ဦးအောင်မြင့် လယ်မြေတွင် မိုးစပါး  အထွက်နှုန်း မှန်ကန်စေရေးကို ရည်ရွယ်ပြီး နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင် ဦးဆောင်ပြီး ဆင်းသုခမျိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ကွင်းဝန်ထမ်းများက ပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက တက်ရောက်လာသော ဒေသခံ တောင်သူများအား သီးနှံစိုက်ပျိုးရာတွင် ရေရှည်တည်တံသော စိုက်ပျိုးနည်းစနစ်များကို ဆောင်ရွက် လုပ်ဆောင်မှသာ ထွက်ရှိလာသော စိုက်ပျိုးသီးနှံများ ဈေးကွက်ခိုင်မာမှုရှိစေရန်အတွက် စိုက်ပျိုးရေး ဆိုင်ရာ အခြေခံ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ဖို့လိုကြောင်း ရှင်းလင်း ပြောကြားခြင်း၊ မိမိတို့ ပတ်ဝန်းကျင်၌ အလွယ်တကူ ရှာဖွေရရှိနိုင်သည့် ကုန်ကျစရိတ် နည်းပါးသက်သာပြီး တောင်သူများအတွက် အကျိုးနိုင်မည့် ပစ္စည်းများဖြင့် ပြုလုပ်ရလွယ်ကူသော အော်ဂဲနစ်ငါးအရည်မြေသြဇာ၊ သီးစုံအာဟာရ မြေသြဇာဖျော်ရည်၊ ဂျင်း၊ ကြက်သွန်ဖြူ (ပိုး၊ မှိုသတ်ဆေးရည်) ပြုလုပ်ပုံ၊ အသုံးပြုမှုနှင့် အသုံးဝင်ပုံအား ရှင်းလင်းပြောကြားကာ မိုးစပါးစံကွက် ရိတ်သိမ်းမှု ဆောင်ရွက်ခဲ့ကြသည်။

 မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပတ်ဝန်းကျင် ဒေသခံတောင်သူများ တက်ရောက်၍ စံကွက်ရိတ်သိမ်းမှုကို ကြည့်ရှုကြရာ ဆင်းသုခ စပါးမျိုး စံကွက်ရိတ်သိမ်းရာတွင် တစ်ဧက အစိုတင်းထွက်နှုန်း (၁၁၇)တင်းထွက်ရှိပြီး၊ အခြောက်ထွက်တင်း (၁၀၉)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်