နေပြည်တော် နိုဝင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူ နိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ခြောက်ခုမှ အိမ်သုံးဆေးဝါး ၈၆ မျိုးကို ရောင်းချပေးခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ် ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈) နေရာ၌လည်း ယနေ့တွင် ဆက်လက်ရောင်းချ ပေးလျက်ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်