မင်္ဂလာပါ။
ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား
မြန်မာနိုင်ငံအနေနဲ့ ASEANSAI ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူပြီး၊ (၆)ကြိမ်မြောက် ASEANSAI Summit ကို ဦးဆောင်ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ။
မလေးရှားနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့နှစ်များမှာ ASEANSA ကို အတုယူဖွယ် ဦးဆောင်မှုပေးခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။
(၆)ကြိမ်မြောက် ASEANSAI Summit ကို တက်ရောက်လာကြတဲ့ SAI အသီးသီးမှ အကြီးအကဲများ၊ ကိုယ်စားလှယ်တော်များကို နွေးထွေးပျူငှာစွာကြိုဆိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအစည်း အဝေးကို နေပြည်တော်မှာ လက်ခံကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုဗစ် အခြေအနေကြောင့် မကျင်းပနိုင်တာ ဖြစ်ပါတယ်။
တကယ်တော့ ASEANSAl အထွေထွေညီလာခံဟာ ASEAN ဒေသအတွင်း ကောင်းမွန်တဲ့အုပ်ချုပ်မှုကို တိုးမြင့်စေဖို့ စဉ်ဆက်မပြတ် ကတိကဝတ်ပြုမှုနဲ့ ခိုင်မာတဲ့တိုးတက်မှုကို ထင်ဟပ်ပေါ်လွင်စေ ပါတယ်။
အာဆီယံအသင်းကြီးရဲ့ ဆက်စပ်အဖွဲ့အစည်း တစ်ရပ်ဖြစ်တဲ့ ASEANSA ဟာအာဆီယံအသိုက်အဝန်းကြီးရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ရေးအတွက် ဆက်လက်ပြီး ပါဝင်သွားမယ်ဆိုတာကို မိမိအနေနဲ့ ယုံကြည်ထားပါတယ်။
အဆွေတော်များခင်ဗျား ဒီလိုအခွင့်ကြုံတုန်းမှာ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အကျဉ်းမျှ ရှင်းလင်းပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းလွဲမှားမှုတွေ၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲအရေအတွက်တွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး ဒါတွေကို ဥပဒေနှင့်အညီ ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ရယူရန် ဆောင်ရွက်ခဲ့တာကြောင့် တပ်မတော်ဟာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေတဲ့ အချိန်အခါဖြစ်ပါတယ်။
ဒီလိုထိန်းသိမ်းဆောင်ရွက်ရာမှာလည်း မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်ဖြစ်တဲ့စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာအောင် တည်ဆောက်နိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်။
ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေက “အဲ့ဒီစနစ်တွေရဲ့ အသက်”ပဲ ဖြစ်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေဖို့ အခြေခံလိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။
နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ တည်ငြိမ်အေးချမ်းမှုတွေ ရရှိအောင်၊ တရားဥပဒေစိုးမိုးရေး၊ တည်ဆဲဥပဒေတွေ လေးစားလိုက်နာရေးစတဲ့ အလေ့အထကောင်းကို ပိုမိုဖြစ်ထွန်းတိုးတက်လာစေဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ နိုင်ငံရေး စီးပွားရေး လူမှုရေးဦးတည်ချက် (၉)ရပ်တို့ကို ချမှတ်လုပ်ဆောင်လျက်ရှိပါတယ်။
ဒီအချက်တွေကို ပိုမိုထိရောက်အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ရယူကာ လုပ်ငန်းစဉ်တွေအားလုံးကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့ ကျင့်သုံးတဲ့ နိုင်ငံခြားရေး မူဝါဒက လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒဖြစ်ပါတယ်။ “နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူ”ကို ဆက်လက်လိုက်နာ ကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာလည်း တရားမျှတခြင်း၊ တန်းတူတန်ဖိုးထားခြင်းနဲ့ ညီညွတ်မျှတတဲ့ နိုင်ငံတကာဥပဒေများကို အခြေခံပြီး လုပ်ဆောင်တဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့မှာ အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိတာကို ပြောကြားလိုပါတယ်။
ဒီဒေသအတွင်းမှာ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေဟာ အာဆီယံ ရဲ့ ပေါင်းစည်းမှုအောက်မှာ စီးပွားရေးဖွံ့ဖြိုးမှု၊ လူနေမှုဘဝတိုးတက်မှုနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့်လာအောင်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တိုးမြင့်လာအောင် စည်းလုံးညီညွတ်စွာ ကြိုးပမ်း လျက်ရှိကြပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံတွင် ၁၉၉၇ ခုနှစ်က အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကတည်းက ကျွန်တော်တို့ဟာ ASEAN Centrality, ASEAN UNITY နဲ့ ASEAN WAY စတဲ့ ASEAN ပဋိညာဉ် များအတိုင်း Consensus မူ၊ ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူ၊ တစ်ခုတည်းသော အာဆီယံမိသားစုစိတ်ဓာတ်များနဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။
ယနေ့ ASEAN Summit နှင့် PLUS အစည်းအဝေးများမှာ မြန်မာနိုင်ငံနှင့်ပတ်သက်၍ တောင်းဆိုမှုတွေဟာASEAN ရဲ့ စည်းလုံးညီညွတ် မှု၊ ASEAN Centrality, ASEAN UNITY နဲ့ ASEAN WAY စတဲ့ပုံရိပ်တွေကိုထိပါးနေပြီလားဟု သံသယဖြစ်စရာ တွေ့ရပါတယ်။ အာဆီယံအထူး ကိုယ်စားလှယ် မြန်မာနိုင်ငံ လာရောက်ဖို့ကိစ္စမှာလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ဂျကာတာအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အာဆီယံသဘောတူညီချက် (၅)ရပ်အပေါ် ပြည်တွင်းမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေများနှင့်ဆက်စပ်၍ အလေးပေးထည့်သွင်း စဉ်းစားသွားမည်၊ ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်၍ အာဆီယံ၏ အဆိုပြုချက်များ ခရီးစဉ်များကို စဉ်းစားသွားပါမည်။ အာဆီယံ၏ အပြုသဘော ပါဝင်ကူညီပံ့ပိုးလိုမှုနှင့်စပ်လျဉ်း၍ အာဆီယံပဋိညာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံ့ကောင်းကျိုးအတွက် စဉ်းစားပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် လာရောက်ရေးနှင့် ပတ်သက်၍လည်း အမျိုးမျိုးသော ညှိနှိုင်းမှု၊ တောင်းဆိုမှုနှင့် အပြောင်းအလဲများအပြင် တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုချက်များ ကြုံတွေ့ ခဲ့ပါတယ်။ မည်သည့်နိုင်ငံမဆို ယခုလိုပဲ တည်ဆဲတရားဥပဒေကို မည်သူကမျှ ကျော်လွန်ခွင့်ပြုပေးနိုင်မည် မဟုတ်ဟု ယုံကြည်ပါတယ်။ နိုင်ငံတော်ပိုင်းကလည်း တည်ဆဲဥပဒေ ကန့်သတ်ချက်မှလွဲ၍ ကျန်လိုက်လျောနိုင်သမျှ လိုက်လျောခဲ့သော်လည်း အာဆီယံအထူး ကိုယ်စားလှယ်ဝင်ခွင့် မရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများမှာ ချန်လှပ်ခဲ့တာဟာ အာဆီယံရဲ့ ပဋိညာဉ်အပိုဒ် ၂၀(၁)၊ အပိုဒ်၈ (၂)(က) နှင့် အပိုဒ် ၂(၂)(က)၊ (င)၊ (စ)တို့နှင့် ဆန့်ကျင်နေတာကိုလည်း ဝမ်းနည်းစိတ်မကောင်းဖွယ် ကြုံတွေ့ရပါတယ်။
ယခုလို ASEAN Centrality, UNITY, WAY တွေအပေါ် ကျော်လွန် ဆောင်ရွက်လာတာဟာ မြန်မာနိုင်ငံတစ်ခုတည်းပေါ်မှာသာ သက်ရောက်မှာ မဟုတ်ဘဲ ကျန်အဖွဲ့ဝင်နိုင်ငံများအပေါ်မှာလည်း အချိန်ကာလတစ်ခု၊ အခြေအနေ တစ်ခုခုတို့တွင် ယခုလိုပဲ အာဆီယံ ပြင်ပအသိုက်အဝန်းတွေရဲ့ လိုရာဆွဲစီမံ ဆောင်ရွက်ခံရမှု၊ တွန်းအားပေးခံရမှုနဲ့ သပ်လျှိုမှုများကိုလည်း စည်းလုံး ညီညွတ်သော အာဆီယံနိုင်ငံများအတွင်း ရောက်ရှိလာနိုင်ပါကြောင်း၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံများ အချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရတဲ့ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သတိပြုစေလိုပါတယ်။
အဆွေတော်များခင်ဗျား
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု အစီအမံတွေဟာ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ မှာ ဖော်ပြပါရှိတဲ့ ဦးတည်ချက်များ ပြည့်မီနိုင်ရေး အခြေခံကျတဲ့အတွက် ASEANSAT အနေနဲ့ ဒီမျှော်မှန်းချက်တွေကို လက်တွေ့လုပ်ငန်းရပ်များအဖြစ် ချမှတ်အကောင်အထည်ဖော်ပြီး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု အစီအမံတွေ၊ ပိုမိုတည်ငြိမ် အေးချမ်းဖွံ့ဖြိုးမှုတွေကတစ်ဆင့် အာဆီယံ နိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝတွေမှာ အကျိုးကျေးဇူးတွေ ဖန်တီးပေးပြီး၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေ ခံစားနိုင်စေဖို့၊ ကြံ့ခိုင်မှုနဲ့ လူမှုဘဝမြှင့်တင်ပေးဖို့ လိုပါတယ်။
ASEANSAI ဟာ စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး၊ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရရှိနေတာကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု ပါတယ်။ ASEANSAI ရဲ့ ဗျူဟာမြောက်လုပ်ငန်းစဉ် အဆက်ဆက်ကို အကောင်အထည်ဖော်ခြင်းကတစ်ဆင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ SAI များရဲ့ စွမ်းဆောင်ရည်ကိုသာမက၊ ASEANSAT အဖွဲ့တစ်ရပ်လုံးရဲ့ အရည်အသွေးကိုပါ မြှင့်တင်နိုင်လျက် ရှိတာကို ဝမ်းမြောက်စွာ တွေ့ရပါတယ်။
ဒါ့ကြောင့် ASEANISAI အနေနဲ့ အဖွဲ့ အစည်း တည်ထောင်စဉ်က သဘောတူစာချုပ်ပါ အခြေခံဦးတည်ချက်များ ပြည့်မီစေရေး၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများမှာ မှန်ကန်သည့် ဘဏ္ဍာရေးရှင်းတမ်းများ ဆောင်ရွက်နိုင်ရေး၊ အလွဲသုံးစားမှုများ ဟန့်တားရေးနဲ့ လိမ်လည်မှု ကင်းတဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုများကို ဖော်ဆောင်သွားနိုင်ဖို့၊ ကောင်းမွန်သော အုပ်ချုပ်မှုစွမ်းရည် မြှင့်တင်ပေးနိုင်ရေး ဆက်လက် ကြိုးပမ်းသွားကြဖို့ မိမိအနေနဲ့ တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ASEANSAI ရဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက် အစီအစဉ်များ ဆောင်ရွက်နိုင်ဖို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ဦးတည်ချက်များ ပြည့်မီစေရေးမှာ ASEANSAlရဲ့ အခန်းကဏ္ဍကိုမြှင့်တင်သွားဖို့ကိုလည်း တိုက်တွန်း လိုပါတယ်။
ASEAN နိုင်ငံများရှိ နိုင်ငံသားများနဲ့ အခွန်ထမ်းပြည်သူများရဲ့ အကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေကို စွမ်းရည်ပြည့်ဝပြီး မှန်ကန်စွာ အသုံးပြုကြောင်း သေချာစေအောင် SAI Myanmar အနေနဲ့ ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အထိ ကာလတာအတွင်း ASEANSAI ဥက္ကဋ္ဌတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပါစေကြောင်းနှင့် ယခု(၆)ကြိမ်မြောက် ASEANSAI Summit မှာ ဆွေးနွေးမှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။