နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး နေမှုအခြေအနေ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီ ဖြစ်သဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်း တို့တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)