ရန်ကုန် နိုဝင်ဘာ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၅)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁ဝ၉) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲများတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲသို့ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အဆိုပါ သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် ဝန်ထမ်းကောင်းတစ်ဦး ဖြစ်လာစေရန်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၂ ပတ်ကြာ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)