တာမွေ နိုဝင်ဘာ ၂
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို တာမွေမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/သူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးမောင်မောင်အေးက မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ် နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/သူများ အားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းအစီအစဉ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ကျောင်းတာဝန်ခံများက မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်(၁၂)နှစ်နှင့်အသက်(၁၈)နှစ်ကြား ကျောင်းသား/ သူအရေ အတွက်မှာ မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း (၄)ကျောင်းမှ ကျောင်းသား/သူ (၁၁၂)ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်းမှ ကျောင်းသား/သူ (၇၉၁)ဦးနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်း(၄)ကျောင်းမှ ကျောင်းသား/သူ (၂၄၇)ဦးရှိပြီး ယနေ့အထိ အသက်(၁၂)နှစ်နှင့်အသက်(၁၈)နှစ်ကြား ကျောင်းသား/သူ (၁၁၈)ဦးကို (ပထမ အကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်