Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ပြန်လည်ဖွင့်လှစ်သင်ကြား

နေပြည်တော် နိုဝင်ဘာ ၁ 

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြု လူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် (၄၆) မြို့နယ် မှအပ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင်) အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ယနေ့တွင် တည်ငြိမ်အေးချမ်းစွာ တစ်ပြိုင်တည်း ပြန်လည်ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်။

ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ကျောင်းများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တက်ရောက်ပညာသင်ကြားလျက် ရှိကြသည်။

ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ပြီး ကျောင်းများလုံခြုံရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက သွားရောက် ကြည့်ရှု၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်