Skip to main content

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလှုံ့ဆော်

 

ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်စေရန်အတွက် ပညာရေးစနစ်ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ပညာတတ်မှသာ အသိပညာ အတတ်ပညာ များ ရရှိမည်ဖြစ်သဖြင့် အနုပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံတိုးတက်ရေးအတွက် အဓိကအရေးကြီးသည့် ပညာရေးနှင့်ပတ်သက် ၍ ဝိုင်းဝန်းနှိုးဆော်တိုက်တွန်းပေးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံကို ချစ်သည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်းအောက်တိုဘာလ ၃၁ ရက်နေ့ တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ဂီတအနုပညာရှင်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက်တွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ သည် နိုင်ငံ့အမွေကို လက်ဆင့် ကမ်းဆက်ခံနေကြသူများ၊ ယဉ်ကျေးမှုအစဉ်အလာကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နေကြသူများဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက်တွင် စာပေအနုပညာရှင်များသည် လွတ်လပ်ရေးရရှိရေးအတွက် အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်အောင် လှုံ့ဆော်နှိုးဆွပေးခဲ့ကြသူများဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင်လည်း စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနု ပညာရှင်များသည် ကျရာကဏ္ဍမှ တိုင်းပြည်အကျိုးပြု၊ ပြည်သူအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စွမ်းဆောင်ပေးခဲ့ကြသူများဖြစ်သည်။ အနုပညာရှင်များသည် ပြည်သူများ၏ စိတ်ခံစားချက် ကို နိုးကြားတက်ကြွ လန်းဆန်းအောင် ဆောင်ရွက်ပေးပြီး ခေတ်ရေစီးကြောင်းတွင် လိုက်ပါစီးမျောနိုင်အောင် ဆောင်ရွက်ပေးကြရ သည့်သူများဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူလူထုအား ဖျော်ဖြေတင်ဆက်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်၍ သမိုင်းကြောင်းကောင်းသည့် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သူများဖြစ်သည်။ ရုပ်ရှင်ကဏ္ဍတွင်ရုပ်ရှင်သည် ပြည်သူ့အတွက်* ဂီတကဏ္ဍတွင်ဂီတစွမ်းအား ပြည်ထွန်းကား သဘင်ကဏ္ဍတွင်အမျိုးသားရေးအတွက် သဘင်၊ နိုင်ငံဆည်းလည်း သဘင်၊ ပြည်သူ့ အသဲစွဲသဘင် စာပေကဏ္ဍတွင်စာပေမြင့်မှ လူမျိုးတင့်မည်ဟူသည့် ဆောင်ပုဒ် များနှင့်အညီ ကြိုးပမ်းထမ်းရွက်ခဲ့ကြသည်။ ( စာပေ၊ ရုပ်ရှင်၊သဘင်၊ ဂီတကဏ္ဍအလိုက် ဆောင်ပုဒ်များပါ ရည်ရွယ်ချက်များအတိုင်း တိုင်းပြည်နှင့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်သူ့အကျိုးပြု ပညာရှင်များဖြစ်သည်။ ယခုအခါ ပြောင်းလဲလာသောခေတ်စနစ်အရ အွန်လိုင်းမီဒီယာဖြစ်ထွန်းလာသဖြင့် စာပေနှင့်ပတ်သက်၍ ဖတ်ရှုမှုအားနည်းလာရာ ပုံနှိပ်မီဒီယာလောက ဆုတ်ယုတ်ကျဆင်းမှု ဖြစ်ပေါ်လာသည်။ အလားတူ အနုပညာလောကနှင့် ပတ်သက်၍ ရုပ်ရှင်ရုံတင်ပြသမှု ကွယ်ပျောက်လာသလို ဂီတလောကတွင်လည်း အွန်လိုင်းမီဒီယာပေါ်မှ တိုင်းတစ်ပါး ယဉ်ကျေးမှုလွှမ်းမိုးလာသောကြောင့် မြန်မာနိုင်ငံ၏ စာပေ၊ အနုပညာလောကအားလုံး မှေးမှိန်လာသည်ကို တွေ့ရသည်။

တိုင်းပြည်အတွက် အရေးကြီးသည့်အချက်မှာ ပြည်သူများ မှန်ကန်သော အသိအမြင်ဗဟုသုတ များ တိုးပွားလာရေးဖြစ်ပြီး တိုးပွားလာရန်အတွက် စာပေ၊ အနုပညာလောကမှ အသိပညာပေး နှိုးဆော်ပေးရန် လိုအပ်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ရာတွင် အသိပညာ၊ ဗဟုသုတများနှင့် ပြည်သူများ စိတ်ဓာတ်ခွန်အား အစဉ်အမြဲနိုးကြား ထက်သန်စေရန် စာပေ၊အနုပညာကဏ္ဍမှ အသိပေးနှိုးဆော်မှုများသည် အရေးကြီးသည်။ စာပေမှရသောအသိသည် အမှား၊ အမှန်ကို ခွဲခြားဆင်ခြင်နိုင်ပြီး ဂီတမှရသောအသိသည် သားချော့တေးမှအစ လူတို့၏စိတ်ကို ပြောင်းလဲစေနိုင်သည်။ ရုပ်ရှင်၊ သဘင် ကဏ္ဍသည်လည်း အလားတူဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းပေးနိုင်သဖြင့် အရေးပါသည့် နယ်ပယ်များဖြစ်သည်။

ပြီးခဲ့သည့်ကာလများက ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲအကျိုးဆက် များကြောင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာလောကအားလုံး ထိခိုက်နစ်နာမှု များရှိခဲ့ပြီး လက်ရှိကာလတွင် နိုင်ငံရေးပယောဂများကြောင့်လည်း စိတ်မချမ်းမြေ့ ဖွယ်ရာများ ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ စာပေ၊ ရုပ်ရှင်၊ သဘင်၊ဂီတအနု ပညာရှင်လောကသားများသည် ဆိုင်ရာအဖွဲ့ အစည်းများ၏ ရည်ရွယ်ချက်ပါ များအတိုင်း တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးဆောင်ရွက် ခဲ့ကြသူများဖြစ်၍ ယခုနိုင်ငံတော်အစိုးရက စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များအား အလေးထားအသိအမှတ်ပြု ကူညီထောက်ပံ့ပေးနေသော ကာလတွင် နိုင်ငံနှင့် ပြည်သူအတွက် မွန်မြတ်သောအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ကြလိမ့်မည်ဟု ယုံကြည်သည်။

သို့ဖြစ်ရာ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၏ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများဖွံ့ဖြိုးရေးအတွက် မှန်ကန်သောအသိအမြင်များ ပေးဝေကြပါရန် တိုက်တွန်းအပ်ပါကြောင်း။

(ကြေးမုံ အယ်ဒီတာ့အာဘော်)

 

Subscribe to MOI

https://t.me/iprdrnd