Skip to main content

ဆည်ရေကို ချွေတာ ထိရောက်စွာ သုံးစွဲ

ယခုနှစ် မိုးရာသီကာလတစ်လျှောက် မြန်မာနိုင်ငံ ဒေသအနှံ့အပြား တို့တွင် မိုးကောင်းခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတစ်ဝန်းတွင် တည်ရှိနေသည့် ရေလှောင်တမံနှင့် ရေကန်အများစုတို့တွင်စိုက်ပျိုးရေးအတွက် လိုအပ်ချက် ဖြစ်သော ရေပမာဏကို ယခင်နှစ်များကထက် ပိုမို သိုလှောင်ထားနိုင်နေပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ မိုးရာ သီကာလ မိုးရွာသွန်းမှုအခြေအနေများ ပုံမှန်အောက် လျော့နည်းခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချိန်ခါမဟုတ် မိုးရွာသွန်းမှု၊ တစ်နေရာတည်းတွင် မိုးအလွန်ကြီးမှု၊ မိုးနည်းရေရှားရပ်ဝန်းအပါ အဝင် ဒေသအချို့၌ မိုးခေါင်ခြင်းနှင့် ရေရှားပါးပြတ်လပ်မှုတို့ကို နှစ်စဉ်လိုလို ကြုံတွေ့ခဲ့ရသည်။

မိမိတို့ နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံသည့် အတွက် မိုးလေ၀သကောင်းမွန်မှုက နိုင်ငံ၏စီးပွားကို အကျိုးပြု သည်။ နှစ်စဉ် မိုးစပါးဧက ၁၅ သန်းခန့်နှင့် နွေစပါးဧက ၂ ဒသမ ၇ သန်းခန့် စိုက်ပျိုးလျက်ရှိရာ မိုးလေ၀သမှန်ကန်ကောင်းမွန်သည့် နှစ်တွင်စပါးအထွက်တိုး၍ စပါးစိုက်တောင်သူတို့ ဝင်ငွေဖြိုးသည်။ သီးနှံကောင်းသည့်နှစ်တွင် ဈေးနှုန်းကလည်း ကောင်းလိုက်မည်ဆိုပါက ကျေးရွာတိုင်းတွင် စည်သံဗြောသံ တညံညံနှင့် အလှူမင်္ဂလာ ပွဲများ ခြိမ့်ခြိမ့်သဲသဲဆင်နွှဲကြသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေရရှိနိုင်မှု၊ ရေထိန်းသိမ်းနိုင် သည့် စိုက်ပျိုးမြေနှင့် မြေအကျယ်အဝန်း၊ တောင်သူ တို့၏ ဓနအင်အား စသော ရေ-မြေ-ငွေ အခြေအနေတို့အပေါ် မူတည် ၍ မိုးစပါး၊ နွေစပါးတို့ကို စိုက်ပျိုးကြသည်။

စပါးအတွက် အဓိကလိုအပ်ချက်မှာ မြေ၊ ရေနှင့် နေရောင်ခြည်ကို ဖြစ်သည်။ စပါးစိုက်သည့်မြေမှာ ရေထိန်းသိမ်းမှု ကောင်းဖို့လိုသည်။ အပင်သက်တမ်းတစ်လျှောက်လုံး အပင်ကြီးထွားမှုကိုလိုက်၍ သင့်တင့်လျောက်ပတ်သော ရေပမာ ဏရှိနေရမည်ဖြစ်ပြီး စပါး ရိတ်သိမ်းရန် တစ်ပတ်မှ ၁၀ ရက်ခန့် လိုတော့သည့်အချိန်တွင် လယ်ကွက်ထဲမှ လက်ကျန်ရေတို့ကို ဖောက်ထုတ်ပစ်ရမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ခန့်မှစ၍ နွေစပါး စိုက်ပျိုးမှု တွင်ကျယ်လာခဲ့ရာ မိုးစပါးရိတ်သိမ်းအပြီးတွင် ရေအခြေအနေ ပေးသည့်ဒေသများ၌ နွေစပါးကိုပါ သီးထပ်စိုက်ပျိုးခဲ့ကြသည်။ ဆည်ရေသောက်ဒေသများတွင် ဆည်အတွင်း ရေသိုလှောင်နိုင်မှု ပမာဏကိုလိုက်၍ နွေစပါးစိုက်ပျိုးမှု ပမာဏအတိုးအလျှော့တို့ ဖြစ်ပေါ်သည်။ သို့ဖြစ်ရာ ဆည်ရေကို ချွေတာနိုင်ရေးအတွက် စပါးကို ဖိုးအခြောက်ထောင်ခြင်း၊ မြေသားအခြောက်ကိုပင် ထယ်ထိုး၊ ထွန်မွှေ၊ အခြောက်ကမန်းပြင်ပြီး ရေသွင်းစိုက်ပျိုး သည့် နည်းလမ်း ကို ဖြစ်နိုင်သည့်နေရာများတွင် ကျင့်သုံးစိုက်ပျိုးခဲ့ကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပက်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်း ပြောကြားရာတွင် “ကျွန်တော်တို့ နွေစပါး၊ နွေရာသီ မှာ ဆည်တွေ ရေပြည့်ဖို့လိုပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုလို့ရှိရင် အောင်ရေတွေပေးဖို့ လိုအပ်ပါတယ်။ အောင်ရေ တွေပေးဖို့အတွက်ကို ကျွန်တော်တို့ လက်ရှိ ရှိထားတဲ့ ဆည်ရေတွေကိုလည်း ခြိုးခြံချွေတာပြီးတော့မှ အနည်းဆုံး လိုအပ်ချက်နဲ့ အလုံအလောက်ပေးနိုင်ဖို့အတွက် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း အကျိုးရှိရှိအသုံးချပါလို့ ကျွန်တော် ပြောလိုပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

နွေစပါးစိုက်ပျိုးမှုမှာ ဒေသအလိုက် စိုက်ချိန်များ ကွာခြားကြသည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသများတွင် ဇန်နဝါရီလလယ်၌ အပြီးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင်မူ ယင်းထက် စိုက်ချိန်နောက်ကျကြသည်။ စပါးအထွက်ကောင်းစေရေး အတွက် ဖေဖော်ဝါရီလလယ်တွင် အပြီးစိုက်ခြင်းက အကောင်းဆုံးဟု ပညာရှင်တို့က အကြံပြုထားကြသည်။ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးသည် မရှိမဖြစ်အရေး ကြီးသည့် လိုအပ်ချက်ဖြစ်ရာ ဆည်ရေ များကို အလေအလွင့်မရှိ ချွေတာသုံးစွဲခြင်းက နွေစပါးအတွက် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး နွေသီးနှံအောင်မြင်မှု နှင့်အတူကောင်သူ လယ်သမားတို့၏ ဓနအင်အားကိုးပွားရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။ ။

(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)