နေပြည်တော် နိုဝင်ဘာ ၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zurab Pololikashvili ၏ ဖိတ်ကြားချက်အရ Bruges, Flanders (Belgium)နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) မှ (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ် (“6th UNWTO World Forum on Gastronomy Tourism”) သို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
အဆိုပါဖိုရမ် စတင်ကျင်းပသည့် ယနေ့တွင် (၆) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အစားအသောက်နှင့် စပ်လျဉ်းသည့် ခရီးသွားလုပ်ငန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊ Setting the Scene: Gastronomy Tourism and Rural Development ခေါင်းစဉ်ဖြင့် စားဖိုမှူး များနှင့် ခရီးစဉ်ဒေသများရှိ အစားအသောက် ထုတ်လုပ်သူ ဒေသခံများအကြား အစားအသောက်နှင့် စပ်လျဉ်းသည့် စကားဝိုင်းကျင်းပခြင်း၊ Nara ခရိုင်အစိုးရ အုပ်ချုပ်ရေးမှူးက အမှာ စကားပြောကြားခြင်း၊ အာဖရိကဒေသ၏ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း အကြောင်း တင်ပြခြင်း၊ Gastronomy and Talent Development နှင့် Resilience and Innovation ခေါင်းစဉ်တို့ဖြင့် စားဖိုမှူးများ၏ အတွေ့အကြုံများ၊ သဘောထားအမြင်များ တင်ပြဆွေးနွေး ခြင်း၊ Scaling up for the SDGs: UNWTO food tourism pitch challenge စသည့် အစီအစဉ်တို့ကို ကျင်းပသည်။
ဖိုရမ်၏ နောက်ဆက်တွဲအနေဖြင့် နိုဝင်ဘာ ၂ ရက်တွင် "Masterclasses on Gastronomy Tourism and Rural Development"ကို ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် နိုင်ငံတကာမှ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ခေါင်းစဉ် (၃) ခုဖြစ်သည့် ကျေးလက်ဒေသများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် လိုက်လျောညီထွေ ဖြစ်သော အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဆောင်ရွက်ခြင်း၊ အစားအသောက် များအား ရိုးရာနည်းဖြင့် ချက်ပြုတ်ခြင်းနှင့် ပတ်သက်သော အသိပညာပေးခြင်းနှင့် ဒေသခံများအား ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်း၊ ဆန်းသစ်သော အချက်အပြုတ် နည်းလမ်းများကို မြှင့်တင်ခြင်းတို့အပေါ် အဓိကထား၍ ဆွေးနွေးကြမည်ဖြစ်ပြီး ကျေးလက်ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးမြှင့်တင်ရာတွင် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၏အခန်းကဏ္ဍ၏ အရေးပါပုံကို ဆွေးနွေးခြင်းများကိုလည်း ပြုလုပ်မည်ဖြစ်သည်။
ဒုတိယနေ့ အစီအစဉ်တွင်ပါဝင်သော "Masterclasses on Gastronomy Tourism and Rural Development" ကို ခေါင်းစဉ်(၃)ခုဖြင့် ဆွေးနွေးပို့ချမည့် Livestream အစီအစဉ်သည် နိုင်ငံတကာမှ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များ၏ အတွေ့အကြုံနှင့် ဗဟုသုတများမျှဝေသည့် အစီအစဉ်ဖြစ်သဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များက Online မှ ပါဝင် တက်ရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)