နေပြည်တော် နိုဝင်ဘာ ၁
သုတေသနလုပ်ငန်းများ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအားထုတ်ပေးသွားမည် ဖြစ်သကဲ့သို့ လာမည့်ကြံကြိတ်ဝါးရာသီတွင် သကြားစက်လုပ်ငန်း၏ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှသကြားစက်ရုံ၌ သကြားစက်လုပ်ငန်းရှင်များ ကြံစိုက်တောင်သူ များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနတာဝန်ရှိသူများ၊ သကြားစက်လုပ်ငန်းရှင်များနှင့် ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က မြန်မာနိုင်ငံ၏ လက်ရှိကြံစိုက်ပျိုးမှုနှင့် စက်ရုံများ၏ သကြားထုတ်လုပ်မှုကိုလည်းကောင်း၊ သကြားစက်လုပ်ငန်း ရှင်များနှင့် ကြံစိုက်တောင်သူများက လက်ရှိကြုံတွေ့နေကြရသော အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်ရန် လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကဏ္ဍအလိုက်ဖြေရှင်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ကြံလုပ်ငန်းသည် မြန်မာနိုင်ငံရှိ ကွဲပြားခြားနားသော ဒေသ ရေ၊ မြေ၊ ရာသီဥတုအမျိုးမျိုးတွင် အောင်မြင် ဖြစ်ထွန်းသောလုပ်ငန်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသအလိုက် သင့်လျော်သော ကြံမျိုးများနှင့် စိုက်နည်းစနစ်များကို သုတေသနပြု ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ လက်ရှိစက်ရုံများ၏ သကြားထုတ်လုပ်မှု၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုများအရ တိုးတက်ထုတ်လုပ်နိုင်သည့် အလားအလာ ကောင်းများစွာ ကျန်ရှိနေပါကြောင်း၊ ဈေးနှုန်းမြင့်တက်လာသော စိုက်ပျိုးရေးသွင်းအားစု အရင်းအနှီးစရိတ်များ သက်သာစေရေး အတွက် ဓါတ်မြေဩဇာ သုံးစွဲမှုလျှော့ချနိုင်ရန် မြေပြင်ထွန်ယက်စိုက်ပျိုးမှုကို စက်မှုလယ်ယာစနစ်ဖြင့် ထိရောက်စွာ ပြောင်းလဲအသုံးပြုနိုင်ရေး၊ စက်ရုံဧရိယာတိုင်းတွင် စက်မှုလယ်ယာ သရုပ်ပြလုပ်ငန်းများနှင့်အတူ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုး မြေများ၏ မြေဆီလိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ ပညာရှင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများထံသို့ ဖြန့်ဖြူးပေးသွားမည့် အထွက်နှုန်းကောင်း ကြံမျိုးသစ်များကိုလည်းကောင်း၊ မြို့လှသကြား စက်ရုံနှင့် မျိုးအတွက် စိုက်ပျိုးထားသော ကြံစိုက်ကွင်း များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)