နေပြည်တော် အောက်တိုဘာ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် ဗိုလ်ချုပ် ကိုကိုလွင် တို့က စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် သုတေသန လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံတွင် လိုအပ်လျက်ရှိသည့် မြို့ပြစည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက်များများ ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါ မော်တော်ယာဉ် များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ဖြန့်ဖြူး ပေးသွားရန်လိုကြောင်း၊ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် ယခုထက်ပိုမို ကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် နည်းပညာမြင့်ကားများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ဆေးဖျန်းယာဉ်နှင့် ဆီသယ်ယာဉ်များအား ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ တပ်မတော်အကြီးစားစက်ရုံမှ ဂါလံ ၂၀၀၀ နှင့် ၂၂၀၀ ဆန့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် ဆီသယ်ယာဉ်များ၊ အမှိုက်သိမ်းယာဉ်၊ ဆေးဖျန်းယာဉ်နှင့် မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများဖြစ်သည့် Jeep Frame နှင့် Bolts & Nuts များအား ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
