Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးမှ အနုပညာရှင်များနှင့် တွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၃၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတပိုင်းဆိုင်ရာ ကဏ္ဍများမှတဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကနှင့် ယာယီဦးစီး ကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးစိန်မြအောင်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့ နာယက ဦးမောင်မောင်လတ် တို့နှင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ရပ်ဝန်းမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့အစည်းများ သည် သမိုင်းကြောင်းရှိသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ မိမိတို့သည်အမွေဆက်ခံ သည့်သူများဖြစ်ကြကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတစ်လျှောက်တွင် စာပေနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်များနှင့် အနုပညာနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်များက လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ရာ၌ လှုံ့ဆော်မှုများတွင် နိုင်ငံရေးအရ ပါဝင် ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း တိုင်းပြည်ငြိမ်းချမ်း ရေးအတွက် လှုံဆော်တိုက်တွန်း ဆောင်ရွက်ပေးခဲ့မှုများရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ခေတ်အဆက်ဆက်၊ အစိုးရ အဆက်ဆက် ပြောင်းလဲခဲ့ချိန်တွင်လည်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အဖွဲ့အစည်းများအားလုံးသည် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နိုင်ငံရေးအရ ပါဝင်ဆောင်ရွက် ခဲ့ကြသကဲ့သို့ လွတ်လပ်ရေး ရရှိပြီးချိန် နောက်ပိုင်းတွင်လည်း နိုင်ငံတိုးတက်ရေးအတွက် အစိုးရ၏ မူဝါဒများအပေါ် မူတည်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း၊ အနုပညာရှင်များ အားလုံးသည် ပြည်သူများ အားလုံး၏ Motivation စိတ်ခံစားမှုများကို တက်ကြွအောင် ဆောင်ရွက်ပေးပြီး ခေတ်ရေစီးကြောင်းတွင် ပါဝင်လာအောင် ဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊  ခေတ်အဆက်ဆက်ပြည်သူလူထုကို ဖျော်ဖြေရာတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်း၍ နိုင်ငံ၏ ရေစီးကြောင်းပေါ်တွင် ပါလာအောင် ဆောင်ရွက်ခဲ့ကြကြောင်း။

 

အနုပညာရှင်(ဝါဂီနစ်)များသည် နိုင်ငံ၏အကျိုးကိုဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပြီး သမိုင်းမှတ်တမ်းများ အရလည်း နိုင်ငံ့အကျိုးကိုဆောင်ရွက်ခဲကြသည်ကို တွေ့မြင်ရမည် ဖြစ်ကာ ခေတ်၏လိုအပ်ချက်များအတိုင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်အစည်းအရုံးတွင် “ရုပ်ရှင်သည် ပြည်သူ့အတွက်”၊ ဂီတအစည်းအရုံးတွင် “ဂီတ စွမ်းအား ပြည်ထွန်းကား”၊ စာနယ်ဇင်းကောင်စီတွင် “စာပေမြင့်မှ လူမျိုးတင့်မည်”၊ သဘင်အစည်းအရုံးတွင် “အမျိုးသားရေးအတွက် သဘင်၊ နိုင်ငံဆည်းလည်း သဘင်၊ ပြည်သူ့အသဲစွဲ သဘင်” ဟူ၍ ဆောင်ပုဒ်များရှိပြီး အဆိုပါဆောင်ပုဒ်များအရ အားလုံးမှာ တိုင်းပြည်အတွက် ဆောင်ရွက်သည့် ရည်ရွယ်ချက်များပင်ဖြစ်ကြောင်း၊ ယခုအခါ စာပေနှင့် ပတ်သက်၍ ပုံနှိပ်မီဒီယာများ၏ အခန်းကဏ္ဍကျဆင်းလာပြီး အွန်လိုင်းမီဒီယာများ၏ အခန်းကဏ္ဍများ စိုးမိုးလာသည်ကို တွေ့ရကြောင်း၊ အလားတူ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ရုပ်ရှင်ကြီးများ၏ အခန်းကဏ္ဍကျဆင်းလာသကဲ့သို့ ဂီတနှင့် ပတ်သက်၍လည်း အနောက်နိုင်ငံများ၏ ဂီတများလွှမ်းခြုံလာသည်ကို သတိပြုမိကြောင်း၊ စာဖတ်မှုများ အားနည်းလာပြီး စာကောင်းပေမွန်များမှရရှိသည့် ကောင်းမွန်သည့် အသိများ နည်းလာခြင်းကြောင့် လူများ၏ တုံ့ပြန်မှုမှာလည်း ပြောင်းလဲလာကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်စေရန်အတွက် ပညာရေးစနစ် ကောင်းမွန်ရန်လိုကြောင်း၊ ပညာတတ်မှသာ အသိပညာအတတ်ပညာများ ရရှိမည် ဖြစ်သဖြင့် အနုပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံတိုးတက်ရေး အတွက် အဓိက အရေးကြီးသည့် ပညာရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းနှိုးဆော်တိုက်တွန်း ပေးကြစေလို ကြောင်း၊ မိမိတို့နိုင်ငံကို ချစ်သည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် မိမိတို့နိုင်ငံ၏ အဓိကအခက်အခဲမှာ ပစ္စည်းများ စုံလင်မှုမရှိခြင်းနှင့် ဆေးဝါးပစ္စည်းများ စုံလင်မှုမရှိခြင်း၊ လူသားအရင်းအမြစ် နည်းပါးခြင်းတို့ကြောင့် အကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည့် လှူတန်းလိုစိတ်ရှိသူများ ပေါများခြင်းတို့ကြောင့် အခက်အခဲ ဖြစ်ပေါ်ချိန်တွင် အားလုံး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသကဲ့သို့ မိတ်ဆွေနိုင်ငံများမှလည်း ကူညီခဲ့ကြမှုများရှိခဲ့ ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ကျဆင်းသွားပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိသည့် ဒေသများတွင်လည်း ကူးစက်မှုနှုန်းကျဆင်းရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်ကြောင့် တုံ့ဆိုင်းခဲ့ရသည့် နိုင်ငံ့ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေး အတွက်လည်း အနုပညာရှင်များ အနေဖြင့် ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်မှ ပေးအပ်ထားသည့် ကတိအတိုင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးချိန်တွင် မိမိတို့နိုင်ငံ၏ လမ်းကြောင်းအား ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူများက ရွေးချယ် ဆောင်ရွက်ထားသည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သဖြင့် စည်းကမ်းရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် State Building၊ Nation Building များ တည်ဆောက်ရာတွင် အနုပညာရှင်များ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ စာပေမှ တိုက်တွန်းချက်များ လုပ်ဆောင်ချက်များ များစွာ ဆောင်ရွက်၍ရကြောင်း၊ စာဖတ်ခြင်းမှသိရှိရသည့် အသိပညာများမှ ဖြန့်ဝေခံစား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ ဂီတကဏ္ဍသည်လည်း လူတစ်ဦး ကလေးငယ် မှစ၍ သားချော့တေးမှစတင်ပြီး ကလေးငယ်၏စိတ်ကို ဂီတဖြင့် ပြုပြင်သွားခြင်း ပင်ဖြစ်ကြောင်း၊ ဂီတသည်လူများ၏ Mind Set ကိုပြုပြင်ပေးနိုင်သကဲ့သို့ နိုင်ငံကို ဖျက်ဆီးနိုင်မှုများလည်း ရှိကြောင်း၊ ရုပ်ရှင်ကဏ္ဍသည်လည်း လူများ၏စိတ်ကို ပြောင်းလဲနိုင်ကြောင်း၊ သဘင်ကဏ္ဍသည် ယဉ်ကျေးမှုနှင့်ပတ်သက်၍ ထိန်းသိမ်းပေးသည့် ပညာရပ်ဖြစ်သဖြင့် အရေးကြီးကြောင်း၊ ထို့ကြောင့် အနုပညာအဖွဲ့အစည်း များသည် နိုင်ငံအတွက် အရေးပါသည့် အဖွဲ့အစည်းများပင်ဖြစ်ကြောင်း။

 

ဖြစ်ပေါ်ခဲ့သည့် အခြေအနေများတွင် အချို့အနေဖြင့် စိတ်ခံစားမှုနှင့် လှုံ့ဆော်မှုများကြောင့် မှားယွင်းမှုများ ရှိခဲ့သော်လည်း မိမိအနေဖြင့်ခွင့်လွှတ်ပေးပြီး အရေးယူထားသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း၊ အနုပညာနှင့်ပတ်သက်၍ ဆောင်ရွက်နေချိန်တွင် မိမိကိုယ်တိုင်ကောင်းရန်နှင့် ပတ်ဝန်းကျင်ကောင်းရန် အတွက် ရည်ရွယ် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံကောင်းစေရန်အတွက် အနုပညာရှင်များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊  မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ပြည်သူလူထုအတွက် အကျိုးရှိစေနိုင်သည့် လုပ်ငန်းရပ်များဖြစ်ရန်လိုပြီး နိုင်ငံအား ထိခိုက်မှုဖြစ်စေနိုင်သည့် လှုံ့ဆော်မှုမျိုး မဖြစ်ရန်လိုကြောင်း၊ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် စည်းမျဉ်းစဉ်းကမ်းများကို လိုက်နာကြရန် လိုကြောင်း။

 

ကိုဗစ်-၁၉ ရောဂါကြောင့် နိုင်ငံ၏ယန္တရားများ ရပ်တန့်ခဲ့ရပြီး ပြန်လည် ဆောင်ရွက်ချိန်တွင် အနုပညာ အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်ဖြင့် ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများ အားလုံး ညီညီညွတ်ညွတ်ရှိပါက အားလုံးကို ရင်ဆိုင်ဖြတ်ကျော်နိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းခဲ့သည့်နိုင်ငံ၏ စီးပွားရေး ပြန်လည် ဦးမော့လာစေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံတစ်ခု ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ပြည်ပသို့တင်ပို့ရောင်းချ နိုင်ကြောင်း၊ ပညာရေးမြှင့်မှုများနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက် ရာတွင် မိရိုးဖလာမှဖောက်ထွက်၍ ဆောင်ရွက်နိုင် မည်ဆိုပါက အခြေခံကောင်းများ ရှိသည့် မိမိတို့နိုင်ငံသည် လေးငါးနှစ်အတွင်း အာဆီယံ နိုင်ငံများထဲ၌ အလယ်အလတ် အဆင့်သို့ ရောက်ရှိနိုင်သကဲ့သို့ ၁၀ နှစ်ခန့်အတွင်း ထိပ်တန်းနိုင်ငံအဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ရန်အတွက် အရေးအကြီးဆုံးလိုအပ်ချက်မှာ ပြည်တွင်းရှိ အဖွဲ့အစည်းအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံတကာနှင့်ဆက်ဆံရေးတွင်လည်း လုပ်သင့် လုပ်ထိုက်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံတိုးတက်မည်ဖြစ် ကြောင်း၊ နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံအတွင်းရှိ လုပ်ငန်းများအားလုံးပြန်လည် လည်ပတ် နိုင်ရေးခွင့်ပြုပေးပြီး ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များကိုလည်း လိုက်နာ ဆောင်ရွက်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ စည်းကမ်း လိုက်နာစေရေး၊ နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိမည့် လုပ်ငန်းရပ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြ စေလိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရပ်ဝန်းအသီးသီးအတွက် ရံပုံငွေ ကျပ်သိန်း ၄၀၀၀၊ ဆန်အိတ် ၁၀၀ ၊ ဆီပိဿာ ၅၀၀ နှင့် ပဲပိဿာ ၃၀၀ တို့အား ပေးအပ်ရာ စာပေနှင့် စာနယ်ဇင်းကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ စာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်၊ တွဲဘက်အတွင်းရေးမှူး ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) တို့ကလည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင်ကဏ္ဍမှ အနုပညာရှင်များကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အတွင်းရေးမှူး ဦးဇော်မြင့်ဦး တို့ကလည်းကောင်း၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံသဘင်အစည်း အရုံး အမှုဆောင် ဦးဌေးလွင်နှင့် တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ မြန်မာနိုင်ငံဂီတ ပညာရှင်များကိုယ်စား မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ ယာယီအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူတစ်ဦးတို့က လည်းကောင်း လက်ခံရယူကြသည်။

 

ယင်းနောက် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ကဏ္ဍအသီးသီးမှ အနုပညာရှင်များ ကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ စည်သူဦးကြည်စိုးထွန်း က ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ အနုပညာရပ်ဝန်းအသီးသီးမှ အနုပညာရှင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် ရံပုံငွေများ ပေးအပ်သည့်အတွက် နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့မှုကြောင့် မိမိတို့ အနုပညာရပ်ဝန်း အသီးသီးတွင် အခက်အခဲများ များစွာ ဖြစ်ပေါ်ခဲ့ရကြောင်း၊ မိမိတို့ အနုပညာရှင်များ အနေဖြင့် မိမိတို့တတ်မြောက်ထားသည့် အနုပညာပညာရပ်များဖြင့် တိုင်းပြည်အတွက် ကောင်းရာ ကောင်းကျိုးများကို တတ်စွမ်းသရွေ့ ဆက်လက် သယ်ပိုးထမ်းရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ရပ်ဝန်း အသီးသီးမှ နိုင်ငံကျော်အနုပညာရှင်၊ အတတ်ပညာရှင်များအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)