Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၃၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါ ယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးကိုကိုအေး တို့က လိုဏ်ဂူတော်ကြီး၏ သမိုင်းအကျဉ်း၊ နှစ်ကာလ ကြာမြင့်လာပြီဖြစ်သဖြင့် ပျက်စီး ယိုယွင်းလာသည့် အခြေအနေများနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုဏ်ဂူတော်ကြီးသည် ဘာသာရေးအရ အထွဋ်အမြတ်ထားသည့် နေရာတစ်ခုဖြစ်သကဲ့သို့ သမိုင်းဝင် အဆောက်အဦတစ်ခုဖြစ်သဖြင့် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျသုတေသနပြုလုပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ အပေါ်ယံ ပျက်စီးယိုယွင်းမှုများကို ပြုပြင်မွမ်းမံခြင်းမဟုတ်ဘဲ ရှေးမူလက်ရာများကို မပျက်စီးအောင် ထိန်းသိမ်း၍ ခေတ်နှင့်လျော်ညီသည့် စနစ်များနှင့် ရေရှည်တည်တံ့ ကောင်းမွန်စေနိုင်မည့် စနစ်များကို ထည့်သွင်းတွက်ချက် ပြုပြင်ဆောင်ရွက်ရန်လိုပြီး ပြုပြင်မွမ်းမံမည့် ဒီဇိုင်းများ နှင့် အသုံးပြုမည့်ပစ္စည်းများကို အသေးစိတ်စဉ်းစား တွက်ချက်ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြုပြင်မှုများကိုလည်း မှတ်တမ်းများ စနစ်တကျထားရှိရန် လိုကြောင်း၊ ရေစိမ့်ဝင်ခြင်းသည် အဆောက်အဦများကို အဓိကပျက်စီးစေနိုင်သောကြောင့် ရေယိုစိမ့်မှုများ မဖြစ်ပေါ်စေရေးနှင့် မလိုအပ်သည့် အပင်များရှင်လင်းရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ နှစ်ပေါင်းများစွာ တည်တံ့စေနိုင်သည့် အဆောက်အဦဖြစ်စေရေး စနစ်တကျ ထိန်းသိမ်းပြုပြင်ကြရန်လိုကြောင်း၊ ပြုပြင်မှုများဆောင်ရွက်ရာတွင် ငွေကြေးနှင့် အချိန်ထက် ရေရှည်တည်တံ့စေရေး အပိုင်းလိုက်ခွဲ၍ စနစ်တကျဖြင့် Fully Renovation ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အခြားဘာသာဝင်များ၏ အထင်ကရသမိုင်းဝင် အဆောက်အဦများ ကိုလည်း ပြုပြင်ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လိုဏ်ဂူတော်ကြီးရှိ ပျက်စီးယိုယွင်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား၍ လိုဏ်ဂူတော်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဟံသာသီရိကုန်းတော်ရှိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ လာရောက်စဉ် ခေတ္တသီတင်းသုံးသည့် အဆောင်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ စနစ်တကျ ပြုပြင်မွန်းမံထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားသည်။

 

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးသည် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေပေါ်တွင် တည်ရှိပြီး ၁၉၅၃ ခုနှစ်တွင် ပန္နက်တော်တင် အုတ်မြစ်တော် စီခဲ့ကြောင်း၊ ဆောက်လုပ်ရေးအရာရှိ နှင့် လုပ်သားပေါင်း ၁၄၈၆ ဦးနှင့် လုပ်အားပေး ကုသိုလ်ရှင်ပေါင်း ၃၃ သိန်းကျော်တို့ ဖြင့် ဆောက်လုပ်ခဲ့ရာ ရက်ပေါင်း ၃၉၆ ရက် ကြာမြင့်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေ ၁၀   ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ လိုဏ်ဂူတော်ကြီးတွင် အကျယ် ၁၂ ပေရှိ ဝင်ပေါက် ၆ ခု၊ အတွင်း ခန်းမကြီးသည် အလျားပေ၂၂၀ ၊ အနံပေ ၁၄၀ အကျယ်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင် ကိုရည်ညွှန်းသည့် အမြင့်  ၅၅ ပေရှိ တိုင်ကြီး ၆ တိုင်ဖြင့် လိုဏ်ဂူတော်ကြီး၏ အမိုးကို ထောက်မထားကြောင်း၊ လိုဏ်ဂူတော်ကြီးအတွင်း သမိုင်းဝင် ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို  ထေရဝါဒ  ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော် အပါး ၂၅၀၀ ဖြင့် ၁၉၅၄ ခုနှစ် မေလ ၁၇ ရက်မှ ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်အထိ ၂ နှစ်နှင့် ၅ ရက် တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အခြားသော ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အခမ်းအနားကြီး များကိုလည်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ လိုဏ်ဂူတော်ကြီး၏ သက်တမ်းမှာ ၆၇ နှစ် ရှိပြီဖြစ်ပြီး  ယိုယွင်း ပျက်စီးမှုများ ဖြစ်ပေါ်လာသဖြင့် အကြီးစား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိရာ ၅၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)